ယူကရိန်းထုတ် ဒရုန်းပစ်ဒုံးကျည်များကို ဝယ်ယူရန် ပင်တဂွန်နှင့် ပင်လယ်ကွေ့နိုင်ငံများ ဆွေးနွေးနေ
အီရန်ထုတ် ဒရုန်းများ၏ တိုက်ခိုက်မှုကို တုံ့ပြန်ရန်အတွက် ယူကရိန်းနိုင်ငံထုတ် ဒရုန်းပစ်ဒုံးကျည်(Interceptor) များကို ဝယ်ယူရန် ပင်တဂွန်စစ်ဌာနချုပ်နှင့် အနည်းဆုံး ပင်လယ်ကွေ့အစိုးရတစ်ရပ်တို့ ဆွေးနွေးလျက်ရှိကြောင်း Financial Times(FT) သတင်းစာက ယူကရိန်းစစ်ဘက်ဆိုင်ရာ အသိုင်းအဝိုင်းကို ကိုးကား၍ ဖော်ပြခဲ့သည်။
သတင်းစာ၏ ဖော်ပြချက်အရ ပင်လယ်ကွေ့နိုင်ငံများသည် အီရန်ဒရုန်းများကို ပစ်ချရာတွင် အလွန်စျေးကြီးသော Patriot ဒုံးကျည်များကို အသုံးပြုနေရပြီး လက်ရှိတွင် ထိုဒုံးကျည်လက်ကျန်များ လျော့နည်းလာနေသည်ဟု ဆိုသည်။ ယူကရိန်းထုတ် Interceptor တစ်စင်း၏ ကုန်ကျစရိတ်မှာ ဒေါ်လာအနည်းငယ်မျှသာ ရှိသော်လည်း Patriot ဒုံးကျည်တစ်စင်း၏ တန်ဖိုးမှာ ဒေါ်လာ ၁၃.၅ သန်း ကျော်အထိ ရှိနေပါသည်။
ယူကရိန်း ကာကွယ်ရေးသတင်းရင်းမြစ်တစ်ခု၏ အဆိုအရ ထိုသို့သော အရောင်းအဝယ်ပြုလုပ်ရန်အတွက် ယူကရိန်း အစိုးရ၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ ယူကရိန်းစနစ်များကို ပြည်ပတွင် ထုတ်လုပ်ထားသည့်တိုင် မည်သည့်ရောင်းချမှုမျိုးကိုမဆို အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယခင်ကလည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အရှေ့အလယ်ပိုင်းရှိ စစ်ရေးအခြေအနေများကြောင့် ယူကရိန်းသို့ မဟာမိတ်များ ထောက်ပံ့နေသည့် လက်နက်များ၊ အထူးသဖြင့် Patriot လေကြောင်းကာကွယ်ရေး ဒုံးကျည်များ လျော့နည်းသွားနိုင်သည့်အပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။