ဘင်ဂူရီယန်လေဆိပ်ကို ၁ တန် ထိပ်ဖူးတပ် ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့‌ကြောင်း အီရန်ဆို

အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ယနေ့နံနက်ပိုင်းတွင် အစ္စ‌ရေး ဘင်ဂူရီယန်လေဆိပ် သို့ ပေါက်ကွဲစေတတ်သော ပစ္စည်း ၁ တန်ခန့်ပါရှိသည့် ထိပ်ဖူးတပ် ဘော်လစ်စတစ်ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

IRGC ၏ ထုတ်ပြန်ချက်အရ အရုဏ်တက်ချိန်တွင် Khorramshahr-4 အမျိုးအစား ဒုံးကျည်များကို "တယ်လ်အဗစ် (Tel Aviv) မြို့လယ်၊ ဘင်ဂူရီယန်လေဆိပ်နှင့် အဆိုပါလေဆိပ်ရှိ အစ္စရေးလေတပ်၏ ၂၇ ခုမြောက် လေယာဉ်အုပ် အခြေစိုက်စခန်း (27th Squadron base)" တို့ကို ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သို့ရာတွင် အစ္စရေးလေတပ်၌ ၂၇ ခုမြောက် လေယာဉ်အုပ်(27th Squadron) ဟူ၍ မရှိဘဲ၊ ထိုပြောဆိုချက်မှာ ၂၀၁၀ ပြည့်နှစ်ကတည်းက လုံးဝပိတ်သိမ်းခဲ့သည့် ဘင်ဂူရီယန်လေဆိပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ဖူးသော လော့ဒ်လေတပ်စခန်း(Lod Airbase) သို့မဟုတ် အခြေစိုက်စခန်း ၂၇ (Airbase 27) ကို ရည်ညွှန်းနေခြင်းဖြစ်နိုင်ခြေရှိသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ အဆိုအရ ညအကူးတွင် အစ္စရေးသို့ အီရန်က ပစ်ခတ်ခဲ့သော ဘော်လစ်စတစ်ဒုံးကျည်အားလုံးကို လေကြောင်းကာကွယ်ရေးစနစ်ဖြင့် ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းတွင် ပစ်ခတ်ခဲ့သော ဒုံးကျည်တစ်စင်းမှာမူ မြို့လယ်ရှိ လူသူမရှိသော ကွင်းပြင်တစ်ခုအတွင်းသို့ ကျရောက်ခဲ့သည်။

image