လွှတ်တော်အစည်းအဝေးများကျင်းပနိုင်ရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစော ဦးဆောင်စည်းဝေး
လွှတ်တော်အစည်းအဝေးများ မကြာမှီကျင်းပမည်ဖြစ်၍ လွှတ်တော်ဝင်းလုံခြုံရေးကို ဦးစားပေးဆောင်ရွက်ရန်မှာကြား
တတိယအကြိမ် လွှတ်တော်အစည်းအဝေးများကို မကြာမှီကျင်းပမည်ဖြစ်၍ လွှတ်တော်ဝင်းလုံခြုံရေးအားဦးစားပေးဆောင်ရွက်ရမည်ဟု လွှတ်တော်အစည်းဝေးများကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန် ကြီးချုပ် ဦးညိုစောက ပြောသည်။
ယနေ့ မတ် ၅ ရက်ကကျင်းပသည့် လွှတ်တော်အစည်းဝေးများကျင်းပရေးဗဟိုကော်မတီ၏ လွှတ်တော်အစည်းအဝေးများကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညိနှိုင်းအစည်းဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
တတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းဝေးများကျင်းပရန် လွှတ်တော်အလိုက် ရက် သတ်မှတ်ခေါ်ယူပြီးဖြစ်ကာ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း သက်ဆိုင်ရာလွှတ်တော်များသို့ရောက်ရှိ သတင်းပို့ရမည်ရက်ကို အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။
ထို့ကြောင့် တတိယအကြိမ်လွှတ်တော်အသီးသီး၏ ပထမပုံမှန်အစည်းဝေးတွင်ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ အဆင်ပြေချောမွေ့စေရန် လွှတ်တော်ရုံးအသီးသီးနှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများက ပူးပေါင်းဆောင်ရွက်ရမည်ဟု ပြောသည်။
ထို့ပြင် လွှတ်တော်အဆောက်ဦးပြင်ဆင်နေခြင်းအား ရာနှုန်းပြည့်ပြီးစီးအောင်ဆောင်ရွက်ရန်၊ တိုင်း(သို့)ပြည်နယ်လွှတ်တော်များ၏ ပထမပုံမှန်အစည်းဝေးများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းနှင့်ပြည်နယ် အစိုးရများက လိုအပ်သည်များကိုကြိုတင်ဖြည့်ဆည်းထားရန်လည်း နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက မှာကြားခဲ့သည်။