စက်သုံးဆီကို မိမိလိုအပ်သလောက်သာဝယ်ယူကာ မလိုအပ်ဘဲ တန်းစီမဝယ်ယူကြရန် မေတ္တာရပ်ခံ

မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက ယနေ့ (မတ် ၅) ရက်စွဲဖြင့် အသိပေးထားခြင်း ဖြစ်သည်။

အသိပေးချက်၌ လက်ရှိဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းဒေသ ကိစ္စရပ်များကြောင့် ပြည်ပမှ စက်သုံးဆီတင်သွင်းရာ၌ ယာယီ ကြန့်ကြာမှုအချို့ရှိနိုင်သည်ဟု ဖော်ပြသည်။

သို့သော် လိုအပ်ချက်အတိုင်းဆက်လက်ဖြန့်ဖြူးရောင်းချနိုင်ရန် အရန်စက်သုံးဆီများကို လုံလောက်စွာကြိုတင်စီစဉ်ထားပြီးသည့်အပြင် စက်သုံးဆီသင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိသည်ဟု ဖော်ပြသည်။

ထို့ကြောင့် စက်သုံးဆီ လုံးဝပြတ်လပ်မှုမရှိနိုင်ပါကြောင်းလည်း ဖော်ပြသည်။

ပြည်သူများအနေဖြင့်လည်း စက်သုံးဆီနှင့် ပက်သက်၍ စိုးရိမ်စိတ်မရှိရန်နှင့် ခြိုးခြံချွေတာသုံးစွဲခြင်းဖြင့် အားလုံးလုံလောက်စွာ သုံးစွဲနိုင်ရေး ကူညီပေးရန်ကြရန်လည်း ရေးသားဖော်ပြထားသည်။

စက်သုံးဆီများသည်လည်း အလုံအလောက်ရှိပါသဖြင့် မိမိလိုအပ်သလောက်သာဝယ်ယူကာ မလိုအပ်ဘဲ တန်းစီမဝယ်ယူကြရန် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းက မေတ္တာရပ်ခံထားသည်။

image