1 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံလိဂ်ဝင်ခွင့် မရရှိပါက ပေါင်သန်း ၁၂၀ အထိ နစ်နာလာမယ့် လီဗာပူး
===================
လီဗာပူးဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံး ၅ သင်းစာရင်းဝင်ခြင်း မရှိဘဲ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိလာပါက ပေါင်သန်း ၁၂၀ အထိ နစ်နာဆုံးရှုံးလာဖို့ ရှိနေပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးဟာ Molineux တွင် ဝုဗ်အား ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ချဲလ်ဆီးက ဗီလာကို အဝေးကွင်းတွင် ၄-၁ ဖြင့် အနိုင်ရရှိသွားပြီးနောက် ဂိုးကွာခြားချက်ဖြင့် အဆင့် ၆ နေရာသို့ ဆင်းပေးလာရပါတယ်။

တကယ်လို့များ လီဗာပူးဟာ ယခုရာသီ ထိပ်ဆုံး ၅ သင်းစာရင်း မဝင်ဘဲ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိလာပါက အားကစားတွင်သာမက ဘဏ္ဍာရေးပိုင်းတွင်လည်း များစွာ ရိုက်ခတ်လာပါမယ်။

ဘောလုံးဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူ ကီရန်မက်ဂွိုင်းယားက လီဗာပူးမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိပါက ပေါင်သန်း ၁၂၀ အထိ နစ်နာလာနိုင်ကြောင်း သုံးသပ်သွားပါတယ်။

လီဗာပူးဟာ ၂၀၂၄-၂၅ ရာသီတုန်းက ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီးနောက် ယူရို ၉၈.၁ သန်း ရရှိခဲ့ပါတယ်။

လီဗာပူးဟာ ၂၀၂၃-၂၄ ရာသီတုန်းက ယူရိုပါလိဂ်သာ ဝင်ခွင့် ရပြီးနောက် ကွာတားဖိုင်နယ်အထိ တက်ခဲ့ပေမယ့်လည်း ယူရို ၂၆.၈ သန်းသာ ရရှိခဲ့ပါတယ်။

စပါးစ်မှာလည်း ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပေမယ့်လည်း ယူရို ၄၁.၄ သန်းတည်းသာ ရခဲ့ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ကစားသမားခေါ်ယူအားဖြည့်ရန် ပေါင်သန်း ၄၅၀ အထိ အသုံးပြုခဲ့ပြီး အပြောင်းအရွှေ့ဈေးကွက်တွင် ကလပ်တစ်ခုရဲ့ စံချိန်တင်အသုံးစရိတ်ဖြစ်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့အပတ်တုန်းက ၂၀၂၅ ခုနှစ် မေလအထိ တစ်နှစ်တာ ဘဏ္ဍာရေးရှင်းတမ်း ကြေညာခဲ့ရာ ဝင်ငွေ ပေါင် ၇၀၃ သန်း ရရှိခဲ့ပြီး ပေါင် ၈ သန်း အမြတ် ရရှိခဲ့ပါတယ်။

image