ကမ္ဘာ့ရွှေဈေးကျလို့ ပြည်တွင်းရွှေဈေး တရက်အတွင်း ကျပ် လေးသိန်းကျော် ပြန်ကျ

မတ် ၄ - ၂၀၂၆

လက်ရှိမှာ ကမ္ဘာ့ရွှေဈေး ပြန်လည် ကျဆင်းလာတာကြောင့် ပြည်တွင်းက အခေါက်ရွှေ တကျပ်ဈေးဟာလည်း တရက်အတွင်း ကျပ် လေးသိန်းကျော် ပြန်ကျလာတယ်လို့ ဈေးကွက်အတွင်းက စုံစမ်းသိရှိရပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ တအောင်စ ဒေါ်လာ ၅၁၆၁ ဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တရက်အတွင်း တအောင်စ ဒေါ်လာ ၂၀၀ ကျော် ပြန်လည် ကျဆင်းလာတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်တွင်း ရွှေဈေးတွေလည်း လိုက်ပါ ကျဆင်းနေတာမှာ မနေ့ မတ် ၃ ရက်၊ မနက်ပိုင်းက တကျပ်သား တရာတဆယ့်သုံးသိန်း ဝန်းကျင်မှာရှိခဲ့တဲ့ အခေါက်ရွှေဈေးဟာ ဒီကနေ့ မတ် ၄ မနက်ပိုင်းမှာ ကျပ် တရာ့ရှစ်သိန်းခွဲဝန်းကျင်မှာ ရောက်ရှိနေတာ တွေ့ရပါတယ်။

“ကမ္ဘာ့ဈေးတွေက ဒီလိုပါပဲ၊ မတည်မငြိမ်နဲ့ တက်လိုက်၊ ကျလိုက် ဖြစ်နေကျ ဆိုတော့လေ။ အခုက ဈေးကွက်အခြေအနေက မှန်းလို့တော့ မရသေးပါဘူး။ ကမ္ဘာ့ဈေး မငြိမ်သမျှ ဒီက ရွှေဈေးကလည်း အတက်၊ အကျ မြန်နေဦးမှာပဲ။ အခုက ဒေါ်လာဈေးက အပြောင်းအလဲ သိပ်မရှိဘူး။ ကမ္ဘာ့ရွှေဈေးပဲ ပြောင်းနေတာ။ အလှုပ်အခတ်၊ အတက်၊ အကျ ကြမ်းနေတယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

ဒါကြောင့် လက်ရှိ ရွှေဈေးကွက် အနေအထားအရ အရှုံး၊ အမြတ် များလာနိုင်တာကြောင့် ‌အ‌ရောင်းအဝယ် ပြုလုပ်မယ့်သူတွေအနေနဲ့ များစွာ သတိထားရမယ့် ကာလဖြစ်သလို အဖမ်းအဆီးတွေလည်း ရှိလာနိုင်တဲ့အတွက် ဂရုစိုက်ရမယ့် အခြေအနေလည်း ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါအပြင် အခေါက် အရောင်းအဝယ် ဆိုင်တွေ အားလုံးလည်း လက်ရှိအချိန်အထိ အရောင်းပိတ်ထားဆဲဖြစ်တယ်လို့ သိရပြီး ၁၅ ပဲရည် ရွှေထည်ပစ္စည်းတွေကို ရောင်းချတဲ့ ဆိုင်တွေသာ အရောင်းအဝယ် ပြုလုပ်နေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

“အထည်ဆိုင်တွေကတော့ အရောင်းပိတ်ထားလို့ မရဘူးပေါ့။ ဒါပေမယ့် အရောင်းအဝယ် ပါးတယ်၊ မရှိသလောက်ပါဘဲ။ ဈေးတွေကတော့ ကျပ် သိန်း ၁၀၀ နဲ့ ၁၁၀ ကြားမှာ အလုပ်ဖြစ်နေကြတယ်။ အရင်လို တိတိကျကျကြီး ဈေးဖွင့်တယ်တော့ မရှိဘူးပေါ့။ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းရမယ်၊ မရောင်းရင် ဖမ်းမယ်ဆိုတော့ အကုန်လုံးကလည်း ကြောက်လန့်နေကြတယ်လေ။ အရောင်းအဝယ်လုပ်လို့ မရသလောက် ဖြစ်နေတယ်။ အတုံး အရောင်းအဝယ်တွေလည်း ဒီလိုပါပဲ။ အလုပ် မဖြစ်သလောက်ဘဲ။ ကြိုက်ရောင်း၊ ကြိုက်ဝယ် နည်းနည်းပါးပါးလောက်ပဲ အလုပ်ဖြစ်ကြတယ်” လို့ သူက ပြောပါတယ်။

ဈေးကွက် ကျွမ်းကျင်သူတွေကတော့ ကမ္ဘာ့ရွှေဟာ စစ်ကြောင့် ကြောက်စိတ်နဲ့ ဝယ်နေကြလို့သာ ဈေးတက်ခဲ့တာဖြစ်ပြီး အမှန်က ပြည်တွင်းစစ် အကြောင်းပြကာ ကျားဖြန့်တွေ ဈေးကစားသွားတာ ဖြစ်တယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။

“တကယ်လည်း စစ်ဖြစ်ရော အမေရိကန်၊ ဒူဘိုင်း ယူအေအီးက ကျားဖြန့် ဈေးကစားတဲ့သူတွေ ငြိမ်ကုန်ကြတယ်။ အခုက လူတွေက ဝယ်ဖို့ထက် အသက်ဘေးက လွတ်ဖို့ပဲ ရှိတော့တာ ဆိုတော့လေ။ ဒီတော့ ဒီတော့ အာရှ၊ ဥရောပက ‌ရွှေသိမ်းပြီး ဒေါ်လာဖြုတ်ချချင်သူတွေက WG ကျ၊ ဒေါ်လာတန်ဖိုးတက်အောင် ဝိုင်းလှော်မှာ။ ဒါမှ သူတို့က ရွှေသတ္တုအစစ်တွေ သိမ်းနိုင်မှာ။ ရွှေတွေ တန်ချီကို တရုတ်က သူ့နိုင်ငံထဲမှာ သိမ်းဖို့ WG ကျလေ သူအတွက် မြတ်လေပဲ။ ဒါကြောင့် WG တက်လာရင် တမင်ထုတ်ရောင်း ဈေးဆွဲချနဲ့ ၅၀၀၀ တန်းအကျော်မှာပဲ အခြေအနေတွေ သိပ်မပြောင်းရင် ဆက်ဖြစ်နေမှာ” လို့ ဈေးကွက်ကျွမ်းကျင်သူ တယောက်က ပြောပါတယ်။

ဒါပေမယ့် ကမ္ဘာ့ရွှေဈေးဟာ အခုထက်ပိုပြီး များစွာ ကျနိုင်ခြေမရှိဘဲ ၄၈၀၀ နဲ့ ၅၀၀၀ ကြားမှာ ဈေးကစားနေမှာဖြစ်သလို အမေရိကန် ဒေါ်လာဈေးကလည်း ပြည်တွင်းအရေးတွေ ရှုပ်ထွေးလာတဲ့အခါ လက်ရှိ တန်ဖိုးကနေ ကျဆင်းသွားမယ့် အနေအထားရှိနေပြီး လတ်တလောမှာတော့ အတက်ဘက်ကို သွားနိုင်ခြေ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အမေရိကန် ဒေါ်လာဈေးဟာ တဒေါ်လာ ပြင်ပပေါက်စျေး အရောင်း ၄၀၄၀ ကျပ်ဝန်းကျင်၊ အဝယ် ‌၃၉၄၀ ကျပ်ဝန်းကျင်မှာ ရှိနေတာ တွေ့ရပါတယ်။

ဒါအပြင် လက်ရှိ ပြည်တွင်း ရွှေဈေးကွက်အတွင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူ‌တွေက ရွှေသန့်စင်လုပ်ငန်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ခိုင်းထားတယ်လို့ သိရပြီး ဒီညွှန်ကြားချက်ကြောင့် ‌ဈေးကွက်အတွင်း ၁၆ ပဲရည် ရွှေအတုံး ရှားသွားနိုင်ခြေ ရှိနေကာ လုပ်ငန်းလည်ပတ်ဖို့အတွက် ပစ္စည်းအသစ် ထွက်လာနိုင်ခြေလည်း နည်းပါးသွားနိုင်တယ်လို့ ရွှေကုန်သည်တွေက သုံးသပ်ထားကြပါတယ်။

“ရွှေသန့်စင်လုပ်ငန်းတွေ ပိတ်ခိုင်းထားတာ လေးရက်လောက် ရှိသွားပြီ။ ပိတ်ခိုင်းတာက ဘာအကြောင်းပြချက်မှ မရှိဘူး။ ဆိုင်တွေကတော့ ‘ပိတ်ထားသည်၊ ဖွင့်ရင် ပြန်ကြေညာမည်’ ဆိုပြီး စာချိတ်ထားတယ်။ ဘယ်လောက်ကြာမယ် မပြောတတ်သေးဘူး” လို့ ရွှေကုန်သည်တယောက်က ပြောပါတယ်။

ဒါအပြင် လက်ရှိမှာ ရွှေဆိုင် လုပ်ငန်းတချို့အနေနဲ့ အစိုးရက သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေ၊ အရောင်း/အဝယ် ပြေစာတွေနဲ့ ရောင်းချခြင်း မရှိဘဲ ရွှေအလေးချိန်၊ ရွှေဈေးနှုန်းတွေကို ဖော်ပြထားခြင်း မရှိတဲ့ တခြားပြေစာတွေ အသုံးပြုကာ ကုတ်နံပါတ် အမှတ်အသားနဲ့ ရောင်းချခြင်းတွေ ပြုလုပ်နေတာကြောင့် ခေါ်ယူစစ်ဆေး မေးမြန်းခံနေရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

image