တရုတ်နှင့် အိန္ဒိယသို့ ရေနံတိုးမြှင့်တင်ပို့ရန် အဆင်သင့်ရှိကြောင်း ရုရှားပြောကြား

တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ ဝယ်လိုအား မြင့်တက်လာပါက ရုရှားအနေဖြင့် အဆိုပါနိုင်ငံများသို့ ရေနံတင်ပို့မှု တိုးမြှင့်ရန် အဆင်သင့်ရှိကြောင်း ဒုတိယဝန်ကြီးချုပ် အလက်ဇန်းဒါး နိုဗက် (Alexander Novak) က ယနေ့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အာရှ၏ အဓိကဝယ်ယူသူ နှစ်နိုင်ငံသို့ မော်စကိုအနေဖြင့် တင်ပို့မှုများ တိုးချဲ့နိုင်ခြင်း ရှိမရှိ သတင်းထောက်များက မေးမြန်းရာတွင် နိုဗက်က "[ကျွန်ုပ်တို့] အမြဲတမ်း အဆင်သင့်ရှိနေပါတယ်၊ [ရုရှား] ရေနံကို ဝယ်လိုအားရှိနေတယ်။ ဝယ်ယူမယ်ဆိုရင် ကျွန်ုပ်တို့ ရောင်းချသွားမှာပါ" ဟု ပြန်လည်ဖြေကြားခဲ့သည်။

အရှေ့အလယ်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် အထူးသဖြင့် ဟော်မုဇ်ရေလက်ကြားမှတစ်ဆင့် ကမ္ဘာ့စွမ်းအင်ဖြည့်တင်းမှု လမ်းကြောင်းများ ပြတ်တောက်သွားနိုင်သည့် စိုးရိမ်မှုများ ထွက်ပေါ်နေချိန်တွင် ယခုပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများအပြီးတွင် ဟော်မုဇ်ရေလက်ကြားအား ဖြတ်သန်းသွားလာမှုကို ပိတ်ပင်ထားကြောင်းနှင့် ဖြတ်သန်းရန် ကြိုးပမ်းသည့် သင်္ဘောများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က တနင်္လာနေ့တွင် သတိပေးခဲ့သည်။

ပါရှန်ပင်လယ်ကွေ့ အဝင်တွင် တည်ရှိသော အဆိုပါရေလက်ကြားသည် အရှေ့အလယ်ပိုင်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်(LNG) များကို အာရေဗျပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာတို့မှတစ်ဆင့် ကမ္ဘာ့စျေးကွက်သို့ ဆက်သွယ်ပေးထားသည့် အဓိကလမ်းကြောင်းဖြစ်သည်။ ထို့အပြင် ၎င်းသည် တရုတ်နှင့် အိန္ဒိယသို့ ရေနံစိမ်း တင်ပို့ရာတွင်လည်း အရေးပါသော လမ်းကြောင်းတစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် တင်းမာမှုများ အရှိန်မြင့်လာခဲ့သည်။ နောက်ပိုင်းတွင် အီရန်ကလည်း အစ္စရေးနိုင်ငံနှင့် အမေရိကန် စစ်အခြေစိုက်စခန်းများရှိရာ ပင်လယ်ကွေ့နိုင်ငံ အချို့ကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့သည်။

image