စစ်စခန်းခွင့်မပြုသည့်စပိန်နှင့်ကုန်သွယ်မှုဖြတ်တောက်မည်--ထရမ့်ပ်

အီရန်ကိုတိုက်ခိုက်ရာတွင် အမေရိကန်လေယာဉ်များအတွက် စစ်အခြေစိုက်စခန်းများ ကို အသုံးပြုခွင့်မပေးခဲ့သည့် စပိန်နိုင်ငံနှင့် ကုန်သွယ်မှုအားလုံးကို ဖြတ်တောက်မည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အင်္ဂါနေ့တွင် ခြိမ်းခြောက်ခဲ့သည်။

ဥရောပတွင် ထရမ့်ပ်ကို အပြင်းထန်ဆုံးဆန့်ကျင်သော ခေါင်းဆောင်များထဲမှတစ်ဦးဖြစ်သည့် ဝန်ကြီးချုပ် ပက်ဒရိုဆန်ရှေး ဦးဆောင်သော စပိန်နိုင်ငံ၏ လက်ဝဲအစိုးရက အမေရိကန်တပ်များက ကာလကြာရှည်အသုံးပြုခဲ့ဖူးသော အခြေစိုက်စခန်းများကို ကုလသမဂ္ဂပဋိဉာဉ်စာတမ်းနှင့် ကိုက်ညီသော လုပ်ဆောင်ချက်များအတွက်သာ ခွင့်ပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“စပိန်က အတော်ဆိုး ခဲ့ပါတယ်” ဟု အိမ်ဖြူတော်တွင် ဂျာမနီဝန်ကြီးချုပ် ဖရိုက်ဒရစ်ချ် မာ့ဇ်နှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ထရမ့်ပ်က ပြောကြားခဲ့သည်။

ထရမ့်ပ်က တွန်းအားပေးခဲ့သော ကာကွယ်ရေးအသုံးစရိတ်ကို ဂျီဒီပီ၏ ငါးရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ကတိပြုချက်တွင် အခြားနေတိုးမဟာမိတ်များနှင့်အတူ ပူးပေါင်းပါဝင်ရန် ဆန် ရှေးက ငြင်းဆန်ခဲ့မှုကိုလည်း ထရမ့်ပ်က ထောက်ပြခဲ့သည်။

“ဒါကြောင့် စပိန်နဲ့ ကုန်သွယ်မှုအားလုံးကို ငါတို့ ဖြတ်တောက်မှာပါ။ စပိန်နဲ့ ဘာမှမလုပ်ချင်ဘူး” ဟု ထရမ့်ပ်က ပြောကြားခဲ့ပြီး စပိန်နှင့်ဆက်ဆံမှုအားလုံးကို ဖြတ်တောက်ရန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်စ်ဆင့်ကို သူ တိုက်တွန်းခဲ့ကြောင်းလည်း ဖြည့်စွက်ပြောခဲ့သည်။

ထရမ့်ပ်က အရေးပေါ်အခွင့်အာဏာကိုသုံးကာ မြင့်မားသော အခွန်ကောက်ခံမှုများ ပြဌာန်းခဲ့ခြင်းကို တရားရုံးချုပ်က ပယ်ဖျက်ထားခဲ့သောကြောင့် စပိန်နှင့် ကုန်သွယ်မှု အဆုံးသတ်ရေးကို မည်သည့် လုပ်ပိုင်ခွင့်အာဏာမျိုး သုံးမည်ဆိုသည်မှာ မရှင်းလင်းပေ။

image