လောင်စာဆီအရင်းအမြစ်သစ်များရရန် ထိုင်းအာဏာပိုင်များ ကြိုးပမ်း
ထိုင်းနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် သယ်ယူပို့ဆောင်ရေးအတွက် အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုကို လျှော့ချရန်အတွက် လောင်စာဆီထောက်ပံ့သူအသစ်များ ရရှိရေး လုပ်ဆောင်လျက်ရှိသည်။
အစိုးရအနေဖြင့် အနောက်အာဖရိကနှင့် အမေရိကန်ပြည်ထောင်စုမှ ရေနံစိမ်းဝယ်ယူရန် စီစဉ်ထားပြီး ဧပြီလကုန်တွင် ကုန်ပေးပို့နိုင်မည်ဟု မျှော်လင့်ထားကြောင်း ယာယီအစိုးရ၏ စွမ်းအင်ဝန်ကြီး အတ်ထာပို ရက်ခ်ပီဘွန်းက ပြောကြားခဲ့သည်။
ရေနံတင်ပို့မှုများရပ်ဆိုင်းခြင်း အပါအဝင် အမေရိက-အီရန် ပဋိပက္ခတွင် ဖြစ်ပေါ်လာသောသက်ရောက်မှုများကို တုန့်ပြန်သည့်အစီအမံများကို မိတ်ဆက်ခဲ့ကာ စွမ်းအင်အာဏာပိုင်များနှင့် ပုဂ္ဂလိကကုမ္ပဏီများအကြား ဆွေးနွေးမှုများလုပ်ခဲ့ပြီးနောက် ယခုအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကနှင့် မလေးရှားနိုင်ငံများမှ ထောက်ပံ့မှုများကို ရှာဖွေပြီး ဈေးကွက်မှ သဘာဝဓာတ်ငွေရည် ဝယ်ယူမှုများကို နေရာစုံအောင် လုပ်ဆောင်သွားမည်ဟု မစ္စတာ အတ်ထာပိုလ်က ပြောဆိုသည်။
သို့သော်လည်း အရှေ့အလယ်ပိုင်းပြင်ပမှ သဘာဝဓာတ်ငွေ့ရည်ရရှိရေး ယှဉ်ပြိုင်မှုသည် ပိုမိုပြင်းထန်လာဖွယ်ရှိပြီး ဈေးနှုန်းမြင့်တက်မှုနှင့် သိုလှောင်မှုပြတ်လပ်ခြင်းများကို ရှောင်ရှားရန် ဂရုတစိုက်စီမံခန့်ခွဲဖို့ လိုအပ်ကြောင်း ၎င်းက သတိပေးခဲ့သည်။
ထိုင်းနိုင်ငံသည် ဟော်မုဇ်ရေလက်ကြားမှတဆင့် သဘာဝဓာတ်ငွေ့ရည် တင်ပို့မှုအတွက် ကာတာနိုင်ငံကို မှီခိုနေရဆဲဖြစ်သည်။ ကုန်ပေးပို့မှု ခုနစ်ခုကို လက်ရှိမှ မေလကုန်အထိ စီစဉ်ထားပြီး နှစ်ခုသည် ပို့ဆောင်နေပြီဖြစ်ကာ ကျန်ငါးခုသည် ပေးပို့ရန် စောင့်ဆိုင်းနေသည်။
တေရန်က ရေလက်ကြားကို ဖြတ်သန်းရန်ကြိုးစားသည့် သင်္ဘောတိုင်းကို မီးလေ-ာင်တို-က်သွင်းပစ်မည်ဟု သတိပေးခဲ့ပြီးနောက် ကာတာ၏ လက်ရှိအခြေအနေသည် ယခုအချိန်တွင် မရှင်းလင်းသေးပေ။
သဘာဝဓာတ်ငွေ့သည် ထိုင်းနိုင်ငံ၏ အဓိကလောင်စာအဖြစ် ဆက်လက်တည်ရှိနေပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည်။ သဘာဝဓာတ်ငွေ့များ၏ ၆၀ ရာခိုင်နှုန်းသည် ပြည်တွင်းရင်းမြစ်များမှ ရရှိသည်။ ၁၅ ရာခိုင်နှုန်းသည် ပိုက်လိုင်းမှတဆင့် မြန်မာနိုင်ငံမှ ရရှိပြီး ၂၅ ရာခိုင်နှုန်းသည် အရှေ့အလယ်ပိုင်းမှ တင်သွင်းမှုဖြစ်သည်။