7 ပတ် - ဘာသာပြန်ပါ။

ဈေးကွက်အတွင်း လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ် အဝယ်လိုက်လာ

လက်တလောအခြေအနေများကြောင့် လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ် ဝယ်လိုအားကောင်းနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

လက်ရှိ ဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းဒေသ စစ်ရေးအခြေအနေများကြောင့် စက်သုံးဆီချွေတာရန် ထုတ်ပြန်ကြေညာပြီးနောက်နေ့တွင်ပင် ထိုသို့ အဝယ်လိုက်လာခြင်းဖြစ်သည်။

မန္တလေးစျေးကွက်၌မူ လျှပ်စစ်စက်ဘီး၊ အိုးဝေ၊ E-bike များ အဝယ်များနေသည်ဟု စုံစမ်းသိရသည်။

“ဒီရက်ပိုင်းမှမဟုတ်ဘူး၊ စဖြစ်ကတည်းက တချို့တွေလာဝယ်နေကြတာ၊ မနေ့ကကြေညာပြီးတဲ့အချိန် ဒီမနက် ပိုလာဝယ်ကြတာများတယ်၊ ပစ္စည်းပြတ်လို့ အော်ဒါတင်သွားတဲ့လူတွေလည်းရှိတယ်” ဟု ၈၂ လမ်းတွင် E-Bike၊ လျှပ်စစ်စက်ဘီးများရောင်းချနေသူတစ်ဦးက ပေါ်ပြူလာကို ပြောသည်။

စက်သုံးဆီ ချွေတာနိုင်ရန် စုံရက်၊ မရက်ဖြင့် အိမ်စီးကားများ အသုံးပြုမောင်းနှင်ရမည် ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ယမန်နေ့က ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်၌ EV စက်တပ်ယာဉ်များ မပါဝင်သည့်အတွက် ထိုသို့ အဝယ်လိုက်လာခြင်းလည်း ဖြစ်သည်။

စျေးကွက်ထဲ၌ လျှပ်စစ်စက်ဘီး၊ ဆိုင်ကယ်အရောင်းဆိုင်များ၏ပြောပြချက်အရ E-Bike အသစ်တစ်စီးလျှင် အနိမ့်ဆုံး ကျပ် ၁၆ သိန်းခွဲမှ အစရှိကာ အမြင့်ဆုံး ကျပ်သိန်း ၈၀ ကျော်အထိ စျေးရှိနေကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ယက်

image