ဗြိတိန်က မြန်မာအပါအဝင် လေးနိုင်ငံကို ပညာသင်ဗီဇာပိတ်ပင်
နိုင်ငံလေးနိုင်ငံမှ နိုင်ငံသားများကို ပညာသင်ဗီဇာနှင့် အာဖဂန်နိုင်ငံသားများကို အလုပ်အကိုင်ဗီဇာပေးခြင်းများကို ပိတ်ပင်မည်ဖြစ်ကြောင်း အင်္ဂါနေ့တွင် ဗြိတိန်က ပြောကြားခဲ့သည်။ တရားဝင်လမ်းကြောင်းမှတဆင့် ဝင်ရောက်လာသူများထံမှ ခိုလှုံခွင့်တောင်းခံမှုများ များပြားလာခြင်းကို ထိန်းချုပ်ရန် “အရေးပေါ်ဘရိတ်” ဟု ခေါ်ဆိုသော စီမံချက်ကို အသုံးပြုခဲ့သည်ဟုဆိုသည်။
ဗြိတိန်တွင် လူဝင်မှုကြီးကြပ်ရေးကိစ္စသည် နိုင်ငံရေးအရ အတိမ်းအစောင်းမခံဆုံးကိစ္စရပ်များထဲမှ တစ်ခုဖြစ်နေဆဲဖြစ်ကာ ထိုကိစ္စနှင့်ပတ်သက်၍ ယူကေပြုပြင်ပြောင်းလဲရေးပါတီသည် သဘောထားစစ်တမ်းများတွင် အောင်မြင်မှုရခဲ့သောကြောင့် ဝန်ကြီးချုပ် ကီယာစတားမာ၏ အစိုးရက စနစ်ကိုတင်းကြပ်နေကြောင်း ပြသရန် ကြိုးပမ်းခဲ့သည်။
အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနှင့် ဆူဒန်နိုင်ငံများမှ နိုင်ငံသားများကို ပညာသင်ဗီဇာပိတ်ပင်ရန် စီစဉ်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာနက ထိုနိုင်ငံများမှ ကျောင်းသားများ၏ ခိုလှုံခွင့်လျှောက်ထားမှုသည် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အကြား ငါးဆကျော် မြင့်တက်လာကြောင်း ပြောကြားခဲ့သည်။
အာဖဂန်နိုင်ငံသားများ၏ အလုပ်လုပ်ခွင့်ဗီဇာများအတွက် တောင်းဆိုမှုများသည် ထုတ်ပေးထားသော ဗီဇာအရေအတွက်ထက် ကျော်လွန်နေပြီဟုလည်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံသည် စစ်ပွဲနှင့် နှိပ်စက်ညှင်းပန်းမှုများဘေးမှ ထွက်ပြေးလာသူများကို ခိုလှုံခွင့် အမြဲပေးမည်ဖြစ်သော်လည်း မိမိတို့၏ ဗီဇာစနစ်ကိုမူ အလွဲသုံးစားမပြုရဟု ပြည်ထဲရေးဝန်ကြီး ရှာဘန်နာ မာမွတ်က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
“ဒါကြောင့် ကျွန်တော်တို့ရဲ့စေတနာကောင်းမှုကို အခွင့်ကောင်းယူဖို့ကြိုးစားနေတဲ့ နိုင်ငံသားတွေအတွက် ဗီဇာငြင်းပယ်ဖို့ရာ မကြုံစဖူးဆုံးဖြတ်ချက်မျိုး ချနေရတာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: သည်အက်ဒ်ခ်ျ