အီရန်နိုင်ငံအတွင်း လူထုအုံကြွမှုဖြစ်ပွားစေရန် ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့များကို CIA က လက်နက်တပ်ဆင်ပေးနေ

အီရန်နိုင်ငံအတွင်း လူထုအုံကြွမှုတစ်ရပ် ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ စီအိုင်အေ(CIA) သည် ကာ့ဒ်တပ်ဖွဲ့များကို လက်နက်တပ်ဆင်ပေးရန် လုပ်ဆောင်နေကြောင်း ဤစီမံကိန်းနှင့် နီးစပ်သူအများအပြားက CNN သို့ ပြောကြားခဲ့သည်။

ထရမ့်အစိုးရသည် အီရန်အတိုက်အခံအဖွဲ့များ၊ အီရတ်နိုင်ငံရှိ ကာ့ဒ်ခေါင်းဆောင်များနှင့် စစ်ရေးအရ ကူညီပံ့ပိုးပေးနိုင်မည့်ကိစ္စများကို တက်ကြွစွာ ဆွေးနွေးလျက်ရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

အီရန်-ကာ့ဒ် လက်နက်ကိုင်အဖွဲ့များသည် အီရတ်-အီရန် နယ်စပ်တစ်လျှောက်၊ အထူးသဖြင့် အီရတ်နိုင်ငံ၏ ကာ့ဒ်ဒေသတွင် အင်အားထောင်ချီ၍ လှုပ်ရှားနေကြသည်။ စစ်ပွဲစတင်ကတည်းက အဆိုပါအဖွဲ့အချို့သည် မကြာမီ စစ်ရေးအရေးယူမှုများ လုပ်ဆောင်တော့မည်ဖြစ်ကြောင်းနှင့် အီရန်စစ်တပ်မှ တပ်ဖွဲ့ဝင်များအနေဖြင့် အလင်းဝင်ကြရန် တိုက်တွန်းသည့် ထုတ်ပြန်ချက်များကို ထုတ်ပြန်ခဲ့သည်။ အီရန်တော်လှန်ရေးအစောင့်တပ်(IRGC) သည် ကာ့ဒ်အဖွဲ့များကို တိုက်ခိုက်လျက်ရှိပြီး အင်္ဂါနေ့တွင် ကာ့ဒ်တပ်ဖွဲ့များကို ဒရုန်းအစင်းပေါင်းများစွာဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အီရန်-ကာ့ဒ်အဖွဲ့များအပေါ် CIA ၏ ပံ့ပိုးကူညီမှုသည် စစ်ပွဲမစတင်မီ လပေါင်းများစွာကတည်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ခုနှင့် ကာ့ဒ်ဒေသဆိုင်ရာ အစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ထို့အပြင် အင်္ဂါနေ့၌ပင် သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်-ကာ့ဒ် ဒီမိုကရက်တစ်ပါတီ (KDPI) ၏ ဥက္ကဋ္ဌ မူစတာဖာ ဟစ်ဂျရီ နှင့် စကားပြောဆိုခဲ့ကြောင်း အဆင့်မြင့် အီရန်-ကာ့ဒ် အရာရှိတစ်ဦးက ပြောသည်။ KDPI သည် IRGC ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် အဖွဲ့များထဲမှ တစ်ခုဖြစ်သည်။

အီရန်-ကာ့ဒ် အတိုက်အခံတပ်ဖွဲ့များသည် လာမည့်ရက်ပိုင်းအတွင်း အနောက်ဘက်အီရန်တွင် မြေပြင်စစ်ဆင်ရေးတစ်ခု၌ ပါဝင်လာလိမ့်မည်ဟု မျှော်လင့်ရကြောင်း အဆိုပါအရာရှိက CNN သို့ ပြောသည်။ "အခုက ကျွန်တော်တို့အတွက် အခွင့်အရေးကောင်းပဲလို့ ယုံကြည်ထားပါတယ်" ဟု ၎င်းက စစ်ဆင်ရေးအချိန်ကိုက်မှုကို ရှင်းပြခဲ့ပြီး ၎င်းတို့အနေဖြင့် အမေရိကန်နှင့် အစ္စရေး၏ ပံ့ပိုးမှုကို မျှော်လင့်ထားကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ထို့အပြင် ထရမ့်သည် တနင်္ဂနွေနေ့က အီရတ်-ကာ့ဒ် ခေါင်းဆောင်များထံ ဖုန်းဆက်၍ အီရန်နိုင်ငံအတွင်း အမေရိကန်၏ စစ်ဆင်ရေးကိစ္စနှင့် စစ်ဆင်ရေးတိုးတက်လာသည်နှင့်အမျှ အမေရိကန်နှင့် ကာ့ဒ်တို့ မည်သို့ပူးပေါင်းဆောင်ရွက်နိုင်မည်ကို ဆွေးနွေးခဲ့ကြောင်း အမေရိကန်အရာရှိ နှစ်ဦးနှင့် သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

အီရန်-ကာ့ဒ်အဖွဲ့များကို လက်နက်တပ်ဆင်ပေးရန် ကြိုးပမ်းမှုမှန်သမျှသည် လက်နက်များဖြတ်သန်းသယ်ယူရန်နှင့် အီရတ်-ကာ့ဒ်ဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် အသုံးပြုရန်အတွက် အီရတ်-ကာ့ဒ်တို့၏ ထောက်ခံမှု လိုအပ်မည်ဖြစ်သည်။

"ဒါက သိပ်ကို အန္တရာယ်များပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ဘာတတ်နိုင်မှာလဲ။ အမေရိကန်ကိုတော့ ကျွန်တော်တို့ ဆန့်ကျင်လို့မရဘူးလေ။ ကျွန်တော်တို့ တကယ်ပဲ ကြောက်နေကြပါတယ်" ဟု ကာ့ဒ်ဒေသဆိုင်ရာ အစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဆွေးနွေးမှုများနှင့် နီးစပ်သူတစ်ဦး၏ အဆိုအရ ဤအစီအစဉ်၏ ရည်ရွယ်ချက်မှာ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့များက အီရန်လုံခြုံရေးတပ်ဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်ပြီး ထိန်းထားပေးရန်ဖြစ်သည်ဟု ဆိုသည်။ ထိုသို့လုပ်ဆောင်ပေးခြင်းဖြင့် ဇန်နဝါရီလအတွင်းက ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများတွင် ကြုံတွေ့ခဲ့ရသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမျိုး ထပ်မံမကြုံရဘဲ မြို့ကြီးများရှိ လက်နက်မဲ့ အီရန်ပြည်သူများ လမ်းပေါ်ထွက် ဆန္ဒပြနိုင်ရန် လွယ်ကူစေမည်ဖြစ်သည်။

အခြားအမေရိကန်အရာရှိတစ်ဦးကမူ ကာ့ဒ်များသည် ဒေသတွင်း၌ ပရမ်းပတာအခြေအနေများကို ဖန်တီးပေးနိုင်ပြီး အီရန်အစိုးရ၏ စစ်ရေးအရင်းအမြစ်များကို ပြန့်ကျဲသွားအောင် လုပ်ဆောင်ပေးနိုင်သည်ဟု ဆိုသည်။ ထို့အပြင် ကာ့ဒ်များအနေဖြင့် အီရန်မြောက်ပိုင်းဒေသအချို့ကို သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြင့် အစ္စရေးအတွက် ကြားခံနယ်မြေ(Buffer Zone) တစ်ခု ဖန်တီးပေးနိုင်ခြင်း ရှိ၊ မရှိ ဆိုသည့်အချက်ကိုလည်း စဉ်းစားနေကြသည်။

ဗုဒ္ဓဟူးနေ့တွင် အီရတ်အမျိုးသားလုံခြုံရေးအကြံပေး ကာဆင်မ် အယ်လ်အာရာဂျီက အီရတ်နယ်မြေကို အသုံးပြု၍ အကြမ်းဖက်မှုများလုပ်ဆောင်ရန် အုပ်စုများကို အီရန်နယ်စပ်သို့ ဖြတ်ကျော်ခွင့်ပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ "ကာ့ဒ်ဒေသ ပြည်ထဲရေးဝန်ကြီးဌာနဟာ အီရန်နယ်စပ်တစ်လျှောက်ကို ပေရှ်မာဂါ(Peshmerga) လုံခြုံရေးတပ်ကူတွေကို စေလွှတ်ထားပါတယ်" ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။

စီအိုင်အေကမူ ဤသတင်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရန် ငြင်းဆိုခဲ့သည်။

image