မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံမှ ကျောင်းသားများကို ကျောင်းသားဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်သည်ဟု ဗြိတိန်ကြေညာ

မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံမှ ကျောင်းသားများကို ကျောင်းသားဗီဇာထုတ်ပေးမှုရပ်​ဆိုင်းလိုက်သည်ဟု ဗြိတိန်နိုင်ငံက ကြေညာလိုက်ကြောင်း Guardian သတင်းတွင် ဖော်ပြသည်။

ဆူဒန်၊ အာဖဂန်နစ္စတန်၊ ကင်မရွန်းနှင့် မြန်မာနိုင်ငံတို့အား ပိတ်သိမ်းလိုက်ခြင်းဖြစ်ပြီး ဗြိတိန်၏ ရက်ရောမှုကို အခွင့်ကောင်းယူကာ ခိုလှုံခွင့်တောင်းခံခြင်းများ ပြုလုပ်သည်ဟု ဗြိတိန်က ပြောကြားခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ယင်းသို့ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် ယင်းနိုင်ငံ လေးခု၏ ကျောင်းသားဗီဇာများကို ထုတ်ပေးမှုရပ်ဆိုင်းထားခြင်းအပြင် အာဖဂန်နစ္စတန် နိုင်ငံသားများ၏ အလုပ်ဗီဇာများကိုလည်း ရပ်ဆိုင်းထားသည်ဟု သတင်းတွင် ဖော်ပြသည်။

ယင်းနိုင်ငံများမှ လူအရေအတွက် တိုးပွားလာနေပြီး UK တွင် ခိုလှုံခွင့်တောင်းခံရန် တရားဝင် ရွှေ့ပြောင်းနေထိုင်မှုလမ်းကြောင်းများကို နောက်ကွယ်မှ တံခါးအဖြစ် အသုံးပြုနေကြကြောင်း ​ဗြိတိန်ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်။

“ဗြိတိန်နိုင်ငံသည် စစ်ပွဲနှင့် နှိပ်စက်ညှဉ်းပန်းမှုမှ ထွက်ပြေးလာသူများကို အမြဲတမ်း ခိုလှုံရာပေးမည်ဖြစ်သော်လည်း ကျွန်ုပ်တို့၏ ဗီဇာစနစ်ကို အလွဲသုံးစားမလုပ်သင့်ပါ” ဟု ​ဗြိတိန်ပြည်ထဲရေးဝန်ကြီး မာမွတ်က အင်္ဂါနေ့တွင် ပြောကြားသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းများအရ ၂၀၂၅ ခုနှစ်တွင် ခိုလှုံခွင့်တောင်းခံသူ ၁၀၀,၀၀၀ ၏ ၃၉ ရာခိုင်နှုန်း သည် ပညာသင်ဗီဇာကဲ့သို့သော တရားဝင်ရွှေ့ပြောင်းလမ်းကြောင်းမှတစ်ဆင့် ယူကေသို့ ရောက်ရှိလာပြီးနောက် ခိုလှုံခွင့်တောင်းခံခဲ့ကြသည်။

အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ မြန်မာနှင့် ဆူဒန်နိုင်ငံတို့မှ ကျောင်းသားများ၏ ခိုလှုံခွင့်လျှောက်လွှာများသည် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း သိသိသာသာ မြင့်တက်လာခဲ့သည်။

လာမည့် ကြာသပတေးနေ့တွင် လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းပြောင်းလဲမှုမှတစ်ဆင့် ဗီဇာပိတ်ပင်မှုကို တရားဝင်စတင်မည်ဖြစ်သည်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီး မာမွတ်သည် ပြီးခဲ့သည့်နိုဝင်ဘာလကလည်း အင်ဂိုလာ၊ နမီးဘီးယားနှင့် ကွန်ဂိုဒီမိုကရက်တစ်အစိုးရများသည် ဗြိတိန်တွင်ရောက်ရှိနေသည့် ၎င်းတို့၏နိုင်ငံသားများကို ပြန်မခေါ်ပါက အလားတူဗီဇာအားလုံးကို ရပ်ဆိုင်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။

image