လူမှုကူညီရေးအသင်းအဖွဲ့တွေ မတည်ငွေအဖြစ် ဘဏ်မှာ သိန်း ၅၀၀ မှ ၁၀၀၀ ကျပ်အထိ အမြဲတမ်းထားရှိဖို့ သတ်မှတ်ညွှန်ကြား
မတ် ၃ ၊ ၂၀၂၆
ပြည်တွင်းက လူမှုကူညီရေးအသင်းအဖွဲ့တွေအနေနဲ့ ပြည်နယ်နဲ့ တိုင်း မှတ်ပုံတင်မတည်ငွေအဖြစ် သိန်း ၅၀၀ ကျပ် ၊ ပြည်ထောင်စုအဆင့် အသင်းအဖွဲ့တွေက မတည်ငွေအဖြစ် သိန်း ၁၀၀၀ ကျပ် ဘဏ်စာရင်းမှာ အမြဲတမ်းထားရှိဖို့ တာဝန်ရှိသူတွေက တရားဝင် ညွှန်ကြား သတ်မှတ်လိုက်တယ်လို့ အသင်းအဖွဲ့တွေဆီက စုံစမ်းသိရှိရပါတယ်။
" ဘဏ်စာရင်းပြရမယ်။ အနည်းဆုံး သိန်း ၅၀၀ ပြရမယ်ပြောတယ်။ အခုမှစာ တရားဝင်ထုတ်လာတာပေါ့။အရင်က အဲလိုမရှိဘူး ။ အသင်းရဲ့ ငွေစာရင်းအဝင်အထွက် ၊ လုပ်ဆောင်ချက်တွေ အစီအရင်ခံစာတင်ရမယ်။ စာထဲမှာအရတော့ ပြီးခဲ့တဲ့လကမှ အစည်းဝေးဆုံးဖြတ်ချက်နဲ့ထုတ်တာလို့ပါတယ်။ သိန်း ၅၀၀ မပြနိုင်ရင် အသင်းဖျက်သိမ်းရမှာလား မေးထားတာတော့ ပြန်ဖြေကြားတာမရှိသေးဘူး ။ " လို့ ကရင်ပြည်နယ်ထဲက လူမှုကူညီရေး အသင်းတာဝန်ရှိသူက ပြောပါတယ်။
တကယ်လို့ ဘဏ်စာရင်းမှာ သိန်း ၅၀၀ ကျပ်ကိုသာ ထည့်သွင်းထားနိုင်ခြင်းမရှိလို့ အသင်းဖျက်သိမ်းရမယ်ဆိုပါက ဖျက်သိမ်းရမယ့် လူမှုကူညီရေး အသင်းအများအပြားရှိနိုင်တဲ့အတွက် အကူအညီလိုအပ်တဲ့ ပြည်သူတွေ ဒုက္ခရောက်နိုင်တယ်လို့ သိရပါတယ်။
" သိန်း ၅၀၀ မပြနိုင်လို့ အသင်းဖျက်သိမ်းရရင် မလွယ်ဘူး ။ ပြည်သူတွေအတွက် အများကြီး ဆုံးရှုံးနစ်နာနိုင်တယ်။ အခုလက်ရှိတောင် ကိုယ်ထူကိုယ်ထနဲ့သွားနေရတာ။ ကျွန်တော်တို့အသင်းဆိုလည်း မပြနိုင်ဘူး ။ မပြနိုင်လို့ ရပ်ဆိုရင် ရပ်လိုက်ရမှာပဲ ။ ဘဏ်ထဲငွေရောက်သွားရင်လည်း ထုတ်ဖို့က ခက်တယ်။ အဆင်မပြေဘူး ။နောက်ပြီး ကျွန်တော်တို့လည်း အဲဒီလောက်ပမာဏကို သုံးပြီးမလုပ်နိုင်သေးဘူး ။ ခုတောင်မှ လုံးလည်ချာလည်လိုက်နေတာ ။ကိုယ်လုပ်နေတဲ့ စီးပွားရေးအမြတ်အစွန်းလေးတွေနဲ့ ပြန်ပြီး ဖာထေးလုပ် စိုက်နေရတာ ။ ပိုငွေမရှိဘူး ။လူတိုင်းကလည်း စီးပွားရေးကျပ်တည်းနေတော့ အလှူရှင်ဆိုတာလည်း အရင်လိုပေါပေါများများမရှိဘူး ။" လို့ သူကပြောပါတယ်။
လူမှုကူညီရေး အသင်းအဖွဲ့တွေ မတည်ငွေထားရမယ့် ငွေပမာကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ တရားဝင်သတ်မှတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။
မတည်ငွေ ပမာဏဟာ ဘဏ်စာရင်းမှာ အမြဲတမ်းရှိရမယ့် အနည်းဆုံး လက်ကျန်ငွေပမာဏဖြစ်တဲ့အတွက် မတည်ငွေကနေ ထုတ်ယူသုံးစွဲခွင့်မရှိကြောင်း ၊ ယင်းပမာဏအတိုင်းထားရှိမှုရှိ/မရှိကိုလည်း ပြက္ခဒိန်နှစ်အတိုင်း ၃ လတကြိမ်စိစစ်ကြပ်မတ်သွားမှာ ဖြစ်တယ်လို့သိရပါတယ် ။
" အဲဒီ မတည်ငွေက ထုတ်ယူသုံးစွဲခွင့်မရှိဘူး ။ အဲဒါကအခုပြဿနာဖြစ်နေတယ်။ ၅၀၀ ဆိုရင် အဲဒါက အချိန်ပြည့် ရှိနေရမယ်။ တိုးချင်တိုးလို့ရမယ် ၊ ထုတ်ယူသုံးစွဲခွင့်မရှိဆိုတော့ နည်းနည်းတော့ ဂွကျတာပေါ့။ အခုက အချိန်ပြည့် ဘဏ်စာရင်းထဲမှာ ရှိနေရမှာ ဖြစ်သွားတယ်။ အဲဒီတော့ ရပ်တဲ့အသင်းတွေ ရပ်သွားလိမ့်မယ်။ကျန်တဲ့အသင်းတွေကျန်လိမ့်မယ်။ကြိုးစားပြီး လုပ်တဲ့အသင်းတွေလုပ်လိမ့်မယ်။ တော်တော်များများတော့ ရပ်သွားနိုင်တယ် ။ ခုတော့ အရေးယူမယ်ဘာညာ မပြောသေးပေမယ့် လုပ်ပါဆိုတာ ထွက်လာပြီလေ ။ " လို့ နေပြည်တော် အခြေစိုက် လူမှုကူညီရေးအဖွဲ့တာဝန်ရှိသူ တယောက်က ပြောပါတယ်။
လက်ရှိထွက်ထားတဲ့ အစည်းဝေးဆုံးဖြတ်အရ
သက်ဆိုင်ရာ အသင်းအဖွဲ့တွေဟာ
လုပ်ငန်းဆောင်ရွက်တဲ့ ဒေသရှိ မြို့နယ်အုပ်ချုပ်ရေးမှူးထံကို ၃ လတကြိမ် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာတင်ပြတဲ့အခါ Bank Statement အပါအဝင် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံတွေ ကိုပါ ထည့်သွင်းတင်ပြခြင်း ၊ တင်ပြချက် မိတ္တူကို သက်ဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့ နဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နဲ့ ဆက်စပ်တဲ့ အစိုးရဌာနအဖွဲ့အစည်းတွေကိုလည်း ပေးပို့တင်ပြရမှာ ဖြစ်တယ်လို့သိရပါတယ် ။
အစိုးရမဟုတ်တဲ့ နိုင်ငံတကာအသင်းအဖွဲ့တွေကတော့ မတည်ငွေအဖြစ် ကျပ်သိန်း ၃၀၀၀ ကို သက်ဆိုင်ရာအသင်းအဖွဲ့ရဲ့ ဘဏ်စာရင်းမှာ
အမြဲတမ်းထားရှိရမှာ ဖြစ်တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ - လှုမှုကူညီရေးအသင်း