1 ပတ် - ဘာသာပြန်ပါ။

ဒူးအရွတ်ဒဏ်ရာရရှိကာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ရိုဒရီဂို လွဲချော်လာ
==================
ဘရာဇီးရဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်သမားရိုဒရီဂိုဟာ ဒူးဒဏ်ရာအပြင်းအထန် ရရှိပြီးနောက် ရာသီအကုန်အထိ အနားယူလာရမှာ ဖြစ်သလို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း လွဲချော်လာပါတယ်။

အသက် ၂၅ နှစ်ရှိ ရိုဒရီဂိုဟာ ညာဖက်ဒူးအရွတ်ဒဏ်ရာရရှိလာတာ ဖြစ်ပါတယ်။ ဒူးအရွတ်ဒဏ်ရာမှာ ဘောလုံးကစားသမားတိုင်းအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်ပြီး ပြန်လည်ကောင်းမွန်လာရေး အချိန်ယူရသလို တစ်ရာသီလုံးနီးပါး နားရတဲ့ ဒဏ်ရာမျိုး ဖြစ်ပါတယ်။

ရိုဒရီဂိုဟာ တနင်္လာနေ့တုန်းက ဂီတာဖေးအား ရှုံးနိမ့်တဲ့ပွဲစဉ်တွင် ပွဲချိန် ၅၅ မိနစ်တွင် လူစားဝင်ရောက်လာပြီးနောက် ပွဲပြီးဆုံးအောင် ကစားခဲ့သူ ဖြစ်ပါတယ်။

သူဟာ ဖေဖော်ဝါရီလအစပိုင်းနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာလီဂါပွဲ ပါဝင်ကစားလာတာလည်း ဖြစ်ပါတယ်။

ရိုဒရီဂိုက "ဘဝရဲ့ အဆိုးရွားဆုံးနေ့တွေထဲက တစ်ခုပါ။ ဒီဒဏ်ရာက ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းလိုက်သလဲ။ နောက်ပိုင်းမှာ ဘဝက ကျွန်တော့်အတွက် အနည်းငယ်ရက်စက်သလိုပဲ။ ဒါနဲ့ ထိုက်တန်သလား မသိပါဘူး။ ဒါပေမယ့် ဘာလို့ ညည်းညူနေရမှာလဲ။ မထိုက်တန်တဲ့ အံ့ဩစရာကောင်းတဲ့အရာတွေ ဘယ်လောက်များများ ကြုံခဲ့ရသလဲ"လို့ ဆိုသွားပါတယ်။

ရိုဒရီဂိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဘရာဇီးအတွက် ၅ ပွဲကစားခဲ့သူ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကို၊ ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမှာ ဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကျင်းပသွားပါမယ်။

ကာလိုအန်ဆယ်လော့တီ ဦးဆောင်တဲ့ ဘရာဇီးဟာ ကမ္ဘာ့ဖလားအုပ်စုတွင်းတွင် မော်ရိုကို၊ ဟေတီ၊ စကော့တလန်တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

ရိုဒရီဂိုဟာ ယခုရာသီတွင် ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါပွဲ ၁၉ ပွဲကစားထားရာမှာ ၁၃ ပွဲကို အရန်အဖြစ် ဝင်ရောက် ကစားထားရာတာ ဖြစ်ပြီး ၁ ဂိုးသွင်းကာ ၃ ကြိမ် ဖန်တီးထားပါတယ်။

သူဟာ ချန်ပီယံလိဂ်တွင် ၅ ပွဲကစားထားရာမှာ ၁ ဂိုးသွင်းပြီး ၁ ကြိမ်ဖန်တီးထားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာကိုင်လီယန်ဘက်ပေးမှာလည်း ဒူးဒဏ်ရာရရှိနေချိန်တွင် ရိုဒရီဂိုလည်း ဒူးဒဏ်ရာရရှိလာလို့ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။

image