အီရန်နှင့် စစ်ရေးပဋိပက္ခကြောင့် ကိုဗစ်တုန်းကကဲ့သို့ ဒူဘိုင်းတွင် ပိတ်မိနေတဲ့ ယူနိုက်တက်ဂန္ထဝင်ရီယိုဖာဒီနန်နှင့် ဇနီးသည်ကိတ်
====================
ရီယိုဖာဒီနန်က အီရန်ရဲ့ ဒုံးကျည်များဖြင့် ပစ်ခတ် တိုက်ခိုက်မှုများကြောင့် အလွန်တုန်လှုပ်ကြောက်လန့်နေရပြီး ဒူဘိုင်းတွင် ကိုဗစ်ကာလတုန်းကကဲ့သို့ ပိတ်မိနေကြောင်း ဖွင့်ဟ ပြောဆိုလာပါတယ်။
အသက် ၄၇ နှစ်ရှိ ရီယိုဖာဒီနန်ဟာ အသက် ၃၄ နှစ် အရွယ်ရှိ ဇနီးသည် ကိတ်၊ သားသမီး ၃ ဦးတို့နှင့်အတူ ယူအေအီးတွင် အခြေချနေထိုင်နေတာပါ။
ဒါပေမယ့် သားများဖြစ်ကြတဲ့ အသက် ၁၉ နှစ်ရှိ လိုရင့်ဇ်နှင့် အသက် ၁၇ နှစ် အရွယ်ရှိ တာတီတို့မှာမူ ဘောလုံးကစားသမားဘဝအား အာရုံစိုက်ရန်အတွက် ဗြိတိန်တွင်ပင် ဆက်လက် နေထိုင်နေကြပါတယ်။
ဒါပေမယ့် အရှေ့အလယ်ပိုင်းတွင် စစ်မက် ဖြစ်ပွားနေမှုနှင့်အတူ ရီယိုဖာဒီနန်နှင့် သူ့မိသားစုဟာ ဒူဘိုင်းရှိ လုံခြုံရာ နေရာတွင် ပုန်းအောင်းနေထိုင်နေရပါတယ်။
အမေရိကန်နှင့် အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုအား တုံပြန်တဲ့အနေဖြင့် အီရန်က ယူအေအီးအပါအဝင် အိမ်နီးချင်း နိုင်ငံများကို ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေပါတယ်။
ရီယိုဖာဒီနန်က "ကျွန်တော့်အတွက် လုံးဝ ကွဲပြားတဲ့ ရက်သတ္တပတ်ပါ။ ဘာမှ လိမ်စရာ မရှိပါဘူး။ ပထမဆုံး ဒီနေ့ နံနက်ပိုင်းကောင်းကောင်းမွန်မွန် နိုးလာတယ်။ တစ်မိသားစုလုံး အားကစားလုပ်ကြတယ်။ ကိုဗစ်တုန်းကလိုပဲ။ ကျွန်တော်တို့ တစ်မိသားစုလုံး ပုံမှန် လုပ်နေကြအရာတွေ လုပ်ကြတယ်။ ဒီကနေ့ အိမ်ကပဲ ကျောင်းစာ လုပ်ကြတယ်။ ဒုံးကျည်၊ လေယာဉ်တွေနဲ့ တိုက်လေယာဉ်အသံတွေ ကြားရတာ ကြောက်စရာကောင်းတယ်။ ဘာဖြစ်လာမလဲ ကျွန်တော် မသိပါဘူး။ အားလုံး အပေါ်က ပျံသန်းနေတယ်။ ဗုံးကွဲသံ အကြီးကြီးတွေ ကြားရတယ်။ ဘာတွေ ဖြစ်နေလဲ အသေးစိတ် မသိပါဘူး။ ကလေးတွေကို ဘာဖြစ်နေတယ်ဆိုတာ ပြောပြပြီး ဒီအခိုက်အတန့်ကို ကျော်လွှားနိုင်ဖို့ ကြိုးစားပါ။ အထူးသဖြင့် အိမ်မှာ ဖခင်တစ်ယောက်အနေနဲ့ ဒါက အရမ်းအရေးကြီးတယ်။ စိတ်ငြိမ်ငြိမ်ထားပြီး လူတိုင်းကို စိတ်ငြိမ်အောင် လုပ်ရမယ်"လို့ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ဖာဒီနန်က "အရိုးသားဆုံး ပြောပါမယ်။ နည်းနည်းကြောက်စရာကောင်းတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ထူးဆန်းနေတယ်။ အရမ်းလုံခြုံနေတယ်လို့လည်း ခံစားရတယ်။ ကျွန်တော့် စတူဒီယိုက ဘန်ကာဖြစ်နေပါပြီ။ ဆူညံသံတွေ စထွက်ပေါ်လာပြီးတဲ့နောက် ပထမဆုံးညမှာ မြေအောက်ခန်းထဲမှာ နေဖို့ အကြံပေးခြင်းခံခဲ့ရပါတယ်။ ကျွန်တော်တို့ အဲဒီမှာ စောင်တွေနဲ့ အိပ်ကြတယ်။ နေရာကို ပါးပါးနပ်နပ် အသုံးချကြရတယ်"လို့ ပြောကြားသွားပါတယ်။
ဒူဘိုင်းရှိ အခြားဗြိတိန်နိုင်ငံသားတို့မှာလည်း ဟိုတယ်များကို ဒရုန်းများဖြင့် ပစ်ခတ်ခံရပြီးနောက် ကားပါကင်၊ နိုက်ကလပ်တို့ရဲ့ မြေအောက်ခန်းထဲသို့ ဝင်ရောက် နေထိုင်နေကြပါတယ်။
မကြာသေးမီတုန်းက ဘလက်ဘန်းနည်းပြဟောင်းဂရေမီဆောင်းနက်စ်ကလည်း အဘူဒါဘီတွင် စစ်ပွဲကြောင့် ကြောက်လန့်စရာများနှင့် ကြုံနေရပြီး ပိတ်မိနေကြောင်း ပြောဆိုခဲ့ဖူးပါတယ်။