ချဲလ်ဆီးနှင့်ပွဲစဉ်မှ အချိန်ပိုတွင် ကာကွယ်မှုပြုလုပ်ခဲ့တဲ့ ဒေးဗစ်ရာယာကို အာတီတာ ကျေးဇူးတင်
=====================
မီခေးလ်အာတီတာက ချဲလ်ဆီးအား အနိုင်ရကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၅ မှတ်ဖြတ်ပြီး ဆက်လက် ဦးဆောင်နိုင်အောင်ကူညီတဲ့အပြင် သူ့နှလုံးကို ပြန်လည်ရှင်သန်လာအောင် လုပ်ခဲ့တဲ့ ဒေးဗစ်ရာယာကို ကျေးဇူးတင်ကြောင်း ပြောကြားလာပါတယ်။
အာဆင်နယ်ဟာ ဝီလီယမ်ဆာလီဘာရဲ့ ခေါင်းတိုက်ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဟန်ကာပီရဲ့ OG ဂိုးကြောင့် ချေပဂိုးပေးခဲ့ရပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ ပွဲချိန် ၆၆ မိနစ်တွင် ဒီကလန်ရိုက်ရဲ့ ထောင့်ကန်ဘောကနေ ဂျူရီယန်တမ်ဘားရဲ့ ခေါင်းတိုက်ဂိုးဖြင့် ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အဆိုပါပွဲတွင် အာဆင်နယ်ဂိုးသမားဒေးဗစ်ရာယာဟာ ကာကွယ်မှုများစွာ ပြုလုပ်ခဲ့ရပါတယ်။ အထူးသဖြင့် စပိန်ဂိုးသမားဟာ အချိန်ပိုတွင် အလီဂျန်ဒရိုဂါနာချိုရဲ့ ဖြတ်တင်ဘာအား အံ့ဩသင့်ဖွယ် ကာကွယ်ပေးခဲ့ပါတယ်။
ယင်းအဖြစ်အပျက်မတိုင်မီ ပီဒရိုနီတိုမှာ မာတင်နယ်လီအား ဖျက်ထုတ်မှုအတွက် နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရကာ အာဆင်နယ်တို့ တစ်ယောက်အသာဖြင့် ကစားခဲ့ရပါတယ်။
အာတီတာက "သူက ဘယ်လို အာရုံစိုက်ရမလဲဆိုတာ သိတဲ့ ဂိုးသမားပါ။ တခါတလေ သူ မပါဝင်ပေမယ့် လိုအပ်တဲ့အခါ ပွဲရဲ့ အဆုံးဖြတ်ဖြစ်လာပါတယ်။ လှုပ်ရှားမှုတစ်ခု ဖြစ်တယ်။ သူ ရှိနေတယ်။ ဒါမျိုးက အရမ်းအရမ်း လုပ်ဖို့ ခက်ခဲပါတယ်။ ဒီကာကွယ်မှုက နောက်ဆုံးလှုပ်ရှားမှုပါ။ ဒါက ဖြတ်တင်ဘောပါ။ ကန်ချက် မဟုတ်ပါဘူး။ ဒါပေမယ့် သူက မယုံနိုင်စရာ ကာကွယ်ပြီး အဆုံးသတ်ပေးခဲ့တယ်။ ဒီဖြစ်ရပ်ကို အသေအချာမြင်ရတဲ့ ရှုထောင့်ကနေ ကြည့်ခဲ့ရတာပါ။ ကျွန်တော့်နှလုံးသား ရပ်တန့်လုနီးပါးပါပဲ။ ဒါပေမယ့် ဒေးဗစ်ရဲ့ လက်က ပုတ်ထုတ်ပြီး ကျွန်တော့်အသက်ကို ပြန်ယူဆောင်ပေးခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ ယင်းပွဲတွင် ထောင့်ကန်ဘောမှ တဆင့် ၂ ဂိုးလုံး ရရှိခဲ့တာ ဖြစ်ပြီး ယခု ပရီးမီးယားလိဂ်ရာသီတွင် ထောင့်ကန်ဘောမှ တဆင့် သွင်းဂိုး ၁၆ ဂိုးအထိ ရရှိလာပြီလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်တစ်ရာသီတည်းတွင် ထောင့်ကန်ဘောမှ တဆင့် ရဂိုး စံချိန်တင်ထားတဲ့ ၁၉၉၂-၉၃ ဝက်စ်ဘရွန်း၊ ၂၀၁၆-၁၇ ဝက်စ်ဘရွန်း၊ ၂၀၂၃-၂၄ အာဆင်နယ်တို့ရဲ့ စံချိန်ကို လိုက်မီလာပါတယ်။
အာဆင်နယ်ဟာ ရာသီလက်ကျန်ပွဲ ၉ ပွဲကစားရန် လိုနေသေးရာ လက်ကျန်ပွဲများတွင် စံချိန်သစ်ရေးထိုးနိုင်မယ့် အခွင့်အရေးလည်း ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။