ဗီနီရှပ်စ်ကိုသာ အမှန်တကယ် လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ပါက ပရီစတီယန်နီရဲ့ ကစားသမားဘဝ အဆုံးသတ်ပြီလို့ မော်ရင်ဟို သတိပေးလာ
========================
ဘင်ဖီကာနည်းပြဟိုဆေးမော်ရင်ဟိုက ဂျီယန်လူကာပရီစတီယန်နီသာ ရီးရဲလ်မက်ဒရစ်စတားဗီနီရှပ်စ်ဂျူနီယာအား လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ပါက သူ့လက်အောက်တွင် မည်သည့်အခါမျှ ကစားခွင့် ရလာတော့မှာ မဟုတ်ကြောင်း ပြောကြားလာပါတယ်။
အသက် ၂၀ နှစ်ရှိ အာဂျင်တီးနားတောင်ပံကစားသမားဟာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တုန်းက လစ္စဘွန်းတွင် ကစားတဲ့ ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်တွင် ဗီနီရှပ်စ်ကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခြင်းခံထားရပါတယ်။
ပရီစတီယန်နီက ဗီနီရှပ်စ်ကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။
တဖက်တွင် ယူအီးအက်ဖ်အေဟာ ယင်းဖြစ်ရပ်အား အလုံးစုံ စစ်ဆေးမှု ပြုလုပ်နေဆဲ ဖြစ်ပြီး ပရီစတီယန်နီအား ယာယီ ၁ ပွဲပယ်ပြစ်ဒဏ်ချမှတ်ထားပါတယ်။
ဒါကြောင့်လည်း သူဟာ စုံစမ်းစစ်ဆေးမှု ပြီးဆုံးချိန်တွင် နောက်ထပ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရနိုင်ပါသေးတယ်။
မော်ရင်ဟိုဟာ အဆိုပါပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပြီးနောက် အလွန်အကျွံအောင်ပွဲခံခဲ့တဲ့ ဗီနီရှပ်စ်က လူမျိုးရေးခွဲခြားမှု ပြုလုပ်တယ်လို့ လုပ်ကြံစွပ်စွဲတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
ဒါပေမယ့် တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲမှာတော့ မော်ရင်ဟိုက ၎င်းမှာ ခွဲခြားဆက်ဆံမှု၊ ဘက်လိုက်မှု၊ မသိနားမလည်မှု၊ မိုက်မဲမှုတို့အား အလုံးစုံ ဆန့်ကျင်သူ ဖြစ်ကြောင်း ဆိုလာပါတယ်။
မော်ရင်ဟိုက "ကျွန်တော့်ကစားသမားက ဒီမူဘောင်တွေကို မလေးစားဘူးဆိုရင် ကျွန်တော့်ကိုရော ဘင်ဖီကာကိုရော မလေးစားတာပါ။ ဒီကစားသမားရဲ့ဘဝဟာလည်း ဒီကလပ်ရဲ့ နည်းပြအဖြစ် ရှိနေသမျှ ကာလပတ်လုံး ကစားသမားဘဝ အဆုံးသတ်လာပါလိမ့်မယ်။ ကျွန်တော်က ပညာရှင်မဟုတ်ပေမယ့် မသိနားမလည်သူ မဟုတ်ပါဘူး။ အပြစ်ကင်းတယ်လို့ ယူဆတာဟာ လူ့အခွင့်အရေး တစ်ခုပါပဲ။ မဟုတ်ဘူးလား။ တကယ်လို့သာ ကစားသမားသာ အပြစ်ကျူးလွန်ခဲ့တယ်ဆိုရင် ဒီကစားသမားကို အရင်တုန်းက ပုံစံနဲ့ ကြည့်လာမှာ မဟုတ်ပါဘူး။ အားလုံး အပြီးသတ်ပါပြီ။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ရှေ့မှာ'ဖြစ်ခဲ့သည်ရှိသော်"ဆိုတဲ့ စကားလုံးကို အများကြီး ထားထားပါတယ်"လို့ ပြောကြားသွားပါတယ်။