ချဲလ်ဆီးနှင့်ပွဲတွင် အလွတ်တည်ကန်ဘောမှ နှစ်ဂိုး သွင်းယူပြီးနောက် ကိုယ့်စံချိန်ကို လိုက်လာတဲ့ အာဆင်နယ်
===================
အာဆင်နယ်ဟာ တနင်္ဂနွေနေ့ညတုန်းက ချဲလ်ဆီးအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် အလွတ်တည်ကန်ဘောမှ ၂ ဂိုးလုံးအား သွင်းယူနိုင်ခဲ့ပြီးနောက် ကိုယ့်စံချိန်အား လိုက်မီလာခဲ့ပါတယ်။
အာတီတာရဲ့အာဆင်နယ်ဟာ ထောင့်ကန်ဘောမှ တဆင့် သွင်းယူတဲ့ ဝီလီယမ်ဆာလီဘာ၊ ဂျူရီယန်တမ်ဘားတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး ဒီနိုင်ပွဲကြောင့် ရာသီသိမ်းရန် ၉ ပွဲတည်းသာ လိုတော့တဲ့အချိန်တွင် မန်စီးတီးအား ၅ မှတ်ဆက်ဖြတ်ထားနိုင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ယခုရာသီတွင် ထောင့်ကန်ဘောမှတစ်ဆင့် ဂိုးရရှိရာတွင် အထူးစပါယ်ရှယ်လစ်အသင်းတစ်သင်း အဖြစ် ရပ်တည်နေပြီး ချဲလ်ဆီးနှင့်ပွဲတွင် ၂ ဂိုးသွင်းယူပြီးနောက် ယခုရာသီ ထောင့်ကန်ဘောမှ တဆင့် သွင်းယူတဲ့ သွင်းဂိုး ၁၆ ဂိုးအထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ၂၀၂၅-၂၆ ရာသီတွင် ထောင့်ကန်ဘောမှ တဆင့် ၁၆ ဂိုးအထိ ရရှိလာမှုနှင့်အတူ ၁၉၉၂-၉၃ ရာသီတုန်းက အိုးဟမ်းရဲ့ စံချိန်၊ ၂၀၁၆-၁၇ ရာသီတုန်းက ဝက်စ်ဘရွန်းရဲ့စံချိန်နှင့် ၂၀၂၃-၂၄ ရာသီတုန်းက အာဆင်နယ်တို့ရဲ့ စံချိန်တို့အား လိုက်မီလာပါတယ်။
အာဆင်နယ်ဟာ ရာသီသိမ်းရန် ၉ ပွဲလိုအပ်နေသေးရာ လက်ကျန်ပွဲများတွင် ထောင့်ကန်ဘောမှ တဆင့် ဂိုးများ ထပ်မံ သွင်းယူလာနိုင်မည်ဆိုပါက စံချိန်သစ် ရေးထိုးလာနိုင်ဦးမှာလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့တွင် ဘရိုက်တန်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ဒုတိယနေရာမှ မန်စီးတီးကလည်း ယင်းနေ့မှာပင် နော်တင်ဟမ်ဖောရက်စ်ကို ဧည့်ခံကစားရပါမယ်။