ရီးရဲလ်မက်ဒရစ်ဘက်က ခေါ်ယူရေး ရှေ့တိုး လုပ်ဆောင်လာတဲ့ ရိုဒရီအား ပြောင်းရွှေ့ကြေး သတ်မှတ်လာတဲ့ မန်စီးတီး
======================
မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်ဘက်က ခေါ်ယူရေး ရှေ့တိုး လုပ်ဆောင်လာတဲ့ ကွင်းလယ်ကစားသမားရိုဒရီအား ပြောင်းရွှေ့ကြေး သတ်မှတ်မှု ပြုလုပ်လာပြီ ဖြစ်ပါတယ်။
စပိန်ကွင်းလယ်ကစားသမားဟာ လာမယ့် ၂၀၂၇ ခုနှစ် နွေရာသီတွင်မှ မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးလာမှာ ဖြစ်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ဟာ တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့မှုကို အခွင့်ကောင်းယူကာ ခေါ်ယူရေး ကြိုးပမ်းလာနေတာလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ တိုနီခရူးစ်နှင့် လူကာမိုဒရစ်တို့ ထွက်ခွာသွားပြီးနောက် အားနည်းနေတဲ့ ကွင်းလယ်ခံစစ်အား ပီဒရိုနှင့် အစားထိုးလိုနေတာလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ နွေရာသီတုန်းက ဆိုစီဒက်မှ စပိန်ကွင်းလယ်ကစားသမားမာတင်ဇူဘီမန်ဒီကို ခေါ်ယူရေး ကြိုးပမ်းခဲ့ပေမယ့်လည်း အာဆင်နယ်ကို အရေးနိမ့်သွားခဲ့ပါတယ်။
ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့ အားအနည်းဆုံးနေရာ ဖြစ်နေတဲ့ ကွင်းလယ်ခံစစ်ကို ပီဒရိုအား ခေါ်ယူရေး နံပါတ်တစ်ပစ်မှတ်ထား လုပ်ဆောင်လာနေပါတယ်။
တဖက်တွင် မန်စီးတီးဟာ နွေရာသီတွင် တစ်နှစ်ကျော် စာချုပ်သက်တမ်းသာ ကျန်ရှိလာတော့မယ့် ရိုဒရီအား ၂၀၂၇ ခုနှစ် နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆုံးရှုံးမခံဘဲ နွေရာသီတွင် ယူရိုသန်း ၅၀ အထိ ရရှိလာမည်ဆိုပါက ရောင်းချလာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။
ရိုဒရီဟာ မန်စီးတီးတွင် အဓိကကစားသမားအဖြစ် ကစားလာခဲ့ပေမယ့်လည်းဒူးအရွတ်ဒဏ်ရာရရှိပြီးနောက်ပိုင်းတွင် ကြံ့ခိုင်မှု ပြဿနာနှင့် ဆက်တိုက် ကြုံလာရသူလည်း ဖြစ်ပါတယ်။
ယင်းကဲ့သို့ အခြေအနေကြောင့် မန်စီးတီးဟာ Ballon d'Or ဆုရှင် ရိုဒရီအား ယူရိုသန်း ၅၀ အထိသာ ရရှိလာပါက လက်ခံကာ ကစားသမားသစ်ဖြင့် အစားထိုးရန် အသင့် ရှိနေပါတယ်။