ဖေဖော်ဝါရီလထဲမှာ ရဲ ၊ အုပ်ချုပ်ရေးအဖွဲ့ ၊ ပညာရေးဝန်ထမ်း ၊ ပြည်သူ အပါ ၂၂ ယောက်ထက်မနည်း အသတ်ခံခဲ့ရ
မကွေးတိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ် ငါးခုကမြို့နယ်အချို့မှာ ဖေဖော်ဝါရီလအတွင်းက အစိုးရဝန်ထမ်း နဲ့ပြည်သူ ၂၂ ယောက်ထက်မနည်းကို အစိုးရတပ်သတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေက သတ်ဖြတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း ၊တနင်္သာရီတိုင်း ၊ ပဲခူးတိုင်း ၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲရှိ မြို့နယ်အချို့မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင် ၊ ပြည်သူ့စစ် ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၊ပညာရေးဝန်ထမ်း ၊ အရပ်သားပြည်သူတွေ အသတ်ခံခဲ့ရတာ ဖြစ်ကြောင်း မကွေးတိုင်းက အသတ်ခံရမှု ပိုများတယ်လို့ သိရပါတယ်။
ဖြစ်စဥ်တွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာဆိုရင်
မကွေးမြို့နယ်၊ စည်ပင်ကျေးရွာနေ ဦးလှမြင့်ဦး၊ ဦးလှရွှေဦး၊ ဦးအေးလွင်၊ ဒေါ်မိုးမိုး၊ ဦးထွန်းမြင့်တို့ငါးယောက်ကို လက်နက်ကိုင်အဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာက တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ်က ဦးအောင်နိုင်ဝင်းနဲ့ ဇနီးဖြစ်သူ ဒေါ်သီသီမာတို့ဟာ ဦးသန့်ဇင်စိုးနဲ့အတူ သုံးဘီးဆိုင်ကယ်စီးလာစဥ် လမ်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
မကွေးဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒေသခံက " ရွာထဲကို ဆိုင်ကယ်တွေနဲ့ လာပြီး ပစ်သွားတာပဲ။.ဘယ်သူမှ ထွက်မကြည့်ရဲသလို မသွားရဲကြဘူး။သေနတ်သံတွေကြားတော့ ဘယ်ထွက်ရဲမလဲ ။ ပြီးမှသာ သတ်သွားတာသိကြရတာ ။ ပြီးတော့ ရဲတွေရောက်လာတယ် ။စစ်ဆေးတာတွေလုပ်ပြီး အလောင်းတွေ သယ်သွားတယ်။ " လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်ကလည်း မကွေးတိုင်း ၊ ကံမမြို့နယ်၊ ဘန့်ပြင်ကျေးရွာက ဦးခင်မောင်လွင်ဆိုသူကို ဆိုင်ကယ်နဲ့ ရွာပြန်လာချိန်လမ်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ၂၁ ရက်နေ့ ကလည်း တောင်တွင်းကြီးမြို့နယ် ၊ ထန်းတောကြီးရွာက ရာအိမ်မှူး ဦးဆန်းဝင်းကို နေအိမ်အထိလာရောက်ပြီး ပစ်ခတ်သတ်ဖြတ်မှုရှိခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း မကွေးတိုင်း၊ မင်းဘူးမြို့နယ် ၊ ကျွန်းပြားရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ မူလတန်းပြကျောင်းဆရာဦးမြင့်ဌေးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သလို တောင်တွင်းကြီးမြို့နယ် ၊ငှက်ပျောတောရွာ ရာအိမ်မှူး.ဦးကျော်စိုးကိုလည်း သေနတ်နဲ့ပစ်သတ်သွားတယ်လို့ သိရပါတယ်။
အလားတူ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ တောင်တွင်းကြီး မြို့နယ် ၊စည်သာကျေးရွာက ဦးကျော်စန်းကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း စလင်းမြို့နယ်၊ ဘိုကုန်းကျေးရွာအနီးရှိ ငရုတ်စိုက်ခင်းအတွင်း အလုပ်လုပ်နေတဲ့ ဦးသန်းလွင် ဆိုသူ အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်းပိုင်းက ရွာငံမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၂၁ ရက်နေ့က ပွေးနဖားကျေးရွာက ဒေါ်ချိုမာထွေး ပစ်ခတ်ခံရပြီးသေဆုံးခဲ့ကာ ဦးဆန်းဦးဆိုသူမှာ ဒဏ်ရာရရှိခဲ့ကြောင်း ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ အုပ်တွင်းကျေးရွာက ဦးအောင်ကျန်ဆိုသူကို နေအိမ်ထိလာရောက်ပြီး သတ်ဖြတ်ခဲ့ပြီး မြင်းကျဒိုးကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင် ဦးစည်သူအောင်ကိုမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ် ။
ပဲခူးတိုင်းထဲ မှာလည်း ဖေဖော်ဝါရီ ၁၁ရက်နေ့က ပေါက်ခေါင်းမြို့နယ်မှာ မင်္ဂလာဆောင်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့လို့ အမျိုးသားနှစ်ယောက် သေဆုံးကာ.တယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နဲ့ ၆ ရက်ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်ကို နေအိမ်အထိ ဝင်ရောက်သတ်ဖြတ်သွားသလို ရေတာရှည် မြို့နယ်ထဲက အမျိုးသားတယောက် ပစ်သတ်ခံရပြီး နှစ်ယောက်ကိုလည်းဖမ်းဆီးသွားမှု ရှိခဲ့တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာလည်း ဖေဖော်ဝါရီ ၁ ရက်နေ့က ဘီးလင်းမြို့နယ်၊ တောင်စွန်း - ဘီးလင်း ကားလမ်းမပေါ် သံ တံတားဘေးနားရှိ စားသောက်ဆိုင်မှာ ထိုင်နေတဲ့ တောင်စွန်းကျေးရွာအုပ်စုရှိ တောင်စွန်းရဲစခန်းက တောင်စွန်းနယ်ထိန်း ဒုတပ်ကြပ်ဇော်မင်းထွန်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။