ပရီးမီးယားလိဂ်တွင် လုပ်ခအများဆုံးအသုံးပြုတဲ့အသင်းအဖြစ် ရပ်တည်နေပေမယ့် ဝင်ငွေအကောင်းဆုံးအသင်းအဖြစ်ပါ ရပ်တည်လာတဲ့ လီဗာပူး
=================
လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးဟာ ပရီးမီးယားလိဂ်တွင် လုပ်ခအသုံးစရိတ်အများဆုံးအသုံးပြုတဲ့ကလပ်အဖြစ် ရပ်တည်နေပါတယ်။

အန်းဆလော့ရဲ့ လီဗာပူးဟာ စံချိန်တင်ဝင်ငွေ ပေါင်သန်း ၇၀၀ အထိ ရရှိလာသလို လုပ်ခအသုံးစရိတ်ကလည်း ပေါင် ၄၂၈ သန်းအထိ မြင့်မားနေပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဟာ ၂၀၂၅ ခုနှစ်‌ မေလ ၃၁ ရက်နေ့အထိ တစ်နှစ်တာ ဘဏ္ဍာရေးရှင်းတမ်းအား ထုတ်ပြန်ကြေညာလာခဲ့တာပါ။

လီဗာပူးဟာ ယမန်တစ်နှစ်တုန်းကထက် လုပ်ခ အသုံးစရိတ် ပေါင် ၄၂ သန်း မြင့်တက်လာကာ ပေါင် ၄၂၈ သန်းအထိ မြင့်မားလာပါတယ်။ လီဗာပူးဟ ၂၀၂၄-၂၅ ရာသီတုန်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မှုနှင့်အတူ အပိုဆုကြေးအမြောက်အမြားပေးရမှုကြောင့် ယခုကဲ့သို့ လုပ်ခအသုံးစရိတ်မြင့်တက်လာတာပါ။

ဒါပေမယ့် လီဗာပူးဟာ ယမန်တစ်နှစ်တုန်းကထက် ဝင်ငွေ ပေါင် ၈၉ သန်းအထိ မြင့်မားလာကာ ပေါင် ၇၀၃ သန်းအထိ ရရှိလာပြီး ကလပ်သမိုင်းတွင် စံချိန်သစ်အဖြစ် ပေါင်သန်း ၇၀၀ အထက် ရရှိလာခဲ့တာပါ။

လီဗာပူးဟာ စံချိန်တင်ဝင်ငွေ ရရှိလာခဲ့ပေမယ့်လည်း အခွန်မဆောင်မီ အမြတ်ငွေ ပေါင် ၁၅.၂ သန်း(အခွန်ဆောင်ပြီး အမြတ် ပေါင် ၈ သန်း)တည်းသာ ရရှိခဲ့ပါတယ်။

လီဗာပူးဟာ ယူရိုပါလိဂ်သာ ကစားခဲ့ရတဲ့ ယမန်တစ်နှစ်တုန်းက အခွန်မဆောင်မီ ပေါင် ၅၇ သန်းအရှုံးပေါ်ခဲ့ရာမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာချိန်တွင် အမြတ်ငွေ ရရှိလာတာပါ။

လီဗာပူးဟာ တစ်နှစ်တာလုံးအတွက် စုစုပေါင်း ကုန်ကျစရိတ် ပေါင် ၆၅၇ သန်း ရှိခဲ့ပါတယ်။

လီဗာပူးဟာ လုပ်ခ ပေါင် ၄၂၈ သန်းဖြင့် ပရီးမီးယားလိဂ်တွင် လုပ်ခအသုံးစရိတ်အများဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ၎င်းတို့နောက်တွင် မန်စီးတီး (ပေါင် ၄၀၈ သန်း)၊ အာဆင်နယ် (ပေါင် ၃၃၈ သန်း)၊ ယူနိုက်တက် (ပေါင် ၃၁၃သန်း)ဖြင့် ရပ်တည်နေကြပါတယ်။

ဒါ့အပြင် လီဗာပူးရဲ့ ဝန်ထမ်းအသုံးစရိတ်မှာလည်း ၂၀၁၆-၁၇ နောက်ပိုင်း နှစ်ဆကျော်အထိ မြင့်တက်လာကာ ပေါင် ၂၀၈ သန်းအထိ ရှိလာပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည် ရရှိလာမှုနှင့်အတူ မီဒီယာဝင်ငွေ ပေါင်သန်း ၆၀ တိုးမြှင့်လာကာပေါင် ၂၆၄ သန်းအထိ ရရှိလာပါတယ်။

ကွင်းဝင်ကြေးဝင်ငွေမှာလည်း ပေါင် ၁၄ သန်း မြင့်တက်ကာ ၁၁၆ သန်းအထိ ရရှိလာပါတယ်။

လီဗာပူးဟာ တေလာဆွစ်ဖ်နှင့် ပန့်ခ်တို့ရဲ့ ရှိုးပွဲများအား အန်ဖီးလ်ကွင်းတွင် လက်ခံကျင်းပမှုနှင့်အတူ ကော်မာရှယ်ဝင်ငွေ ပေါင် ၁၅ သန်းအထိ တိုးမြှင့်လာကာ ပေါင် ၃၂၃ သန်းအထိ ရရှိလာပါတယ်။

လီဗာပူးရဲ့ စုစုပေါင်း ကြေ့းမြီမှာ ပေါင် ၂၈၆ သန်း ရှိပြီး ဘဏ်များကို ပေးရမယ့် ကြွေးမြီက ပေါင် ၆၉ သန်း ရှိပါတယ်။

image