ချန်ပီယံလိဂ်ပြိုင်ဘက် ချဲလ်ဆီး၊ လီဗာပူးနှင့် အပေါင်းပါတို့အား ပီအက်စ်ဂျီနည်းပြလူးဝစ်အန်းနရစ် အပြင်းအထန် သတိပေးလာ
=================
လူးဝစ်အန်းနရစ်က ချန်ပီယံလိဂ် ၁၆ သင်းရောက် အသင်းများမှာ ပီအက်စ်ဂျီကို ကြောက်လန့်လျက်ရှိပြီး မိမိအသင်းမှာ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ဆက် ရရှိရန် ကြိုးပမ်းနေကြောင်း ပြောကြားလာပါတယ်။
လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်တွင် ချဲလ်ဆီးနှင့် ရင်ဆိုင်နေပြီး အနိုင်ရရှိပါက ဂါလာတာစာရေးနှင့် လီဗာပူးပွဲစဉ်မှ အသင်းနှင့် ကွာတားဖိုင်နယ်တွင် ရင်ဆိုင်ရမယ်။
ပြီးလျှင် ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် ရီးရဲလ်မက်ဒရစ် (သို့မဟုတ်) မန်စီးတီး (သို့မဟုတ်) ဘိုင်ယန်မြူးနစ် (သို့မဟုတ်) အတ္တလန္တာနှင့် ရင်ဆိုင်ရပါမယ်။
ဒါပေမယ့် လူးဝစ်အန်းနရစ်က "ပြီးခဲ့တဲ့နှစ်တုန်းက အမြင်နဲ့ ကွဲသွားပြီ။ ပြီးခဲ့တဲ့နှစ်တုန်းက ဘယ်သူကမှ ကျွန်တော်တို့ ရမယ်လို့ မထင်ထားကြဘူး။ ဒီကနေ့ လူတိုင်းက ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ အနိုင်ရနိုင်တယ်လို့ သိထားကြတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ စွမ်းဆောင်ရည် ပိုကောင်းအောင် လုပ်ရမယ်။ ဒီအပေါ်ဘဲ အာရုံစိုက်ရမယ်။ ဒါပေမယ့် အပြုသဘောဆောင်တာ မြင်နေရတယ်။ ကွဲပြားတဲ့ အခြေအနေကို မြင်နေရတယ်"လို့ ဆိုသွားပါတယ်။
ဆက်လက်ပြီး အန်းနရစ်က ပီအက်စ်ဂျီမှာ ချန်ပီယံလိဂ်ဖလား ရလိုပါက အနိုင်ယူရမယ့် အသင်းတစ်သင်း ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် အသင်းရဲ့ စိတ်ဓာတ်ပိုင်းမှာလည်း ချန်ပီယံဆုကာကွယ်ရေးအတွက် အလွန်အရေးပါတဲ့သော့ချက်ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။