စက်မှုဇုန်များအတွက် တစ်ယူနစ် ၉၀၀ ကျပ်ဖြင့် ၂၄ နာရီ ဓာတ်အားပေးမည်

အိမ်သုံးနှင့် အိမ်သုံးမဟုတ်သည့် ဓာတ်အားသုံးစွဲသူများအတွက် လက်ရှိ သတ်မှတ်နှုန်းထားများအတိုင်းသာ ကောက်ခံမည်

စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များအတွက် တစ်ယူနစ် ၉၀၀ ကျပ်ဖြင့် ၂၄ နာရီ ဓာတ်အားပေးမည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဥပဒေပုဒ်မ ၇၂ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပုဒ်မ ၄၁ နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် လျှပ်စစ်ဓာတ်အားခနှုန်းထားများကို အမိန့်ကြော်ငြာစာအမှတ် (၈၉/၂၀၂၆) ဖြင့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ချက်အရ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ပေးပို့နိုင်သည့် စက်မှုဇုန်များနှင့် အထူးစီးပွားရေးဇုန်များအတွင်းရှိ အိမ်သုံးမဟုတ်သည့် လျှပ်စစ်ဓာတ်အားသုံးစွဲသူများအား ဓာတ်အားလိုင်းနှင့် စနစ်ပြတ်တောက်မှု (Line Fault and System Breakdown) များမှအပ ဓာတ်အားဖြတ်တောက်မှု (Load Shed) မပြုလုပ်ဘဲ ၂၄ နာရီ သီးခြားဓာတ်အားပေးသွားမည်ဖြစ်သည်။

အဆိုပါ သီးခြားဓာတ်အားပေးဝန်ဆောင်မှုအတွက် ပုံသေဓာတ်အားခနှုန်းကို တစ်ယူနစ်လျှင် ၉၀၀ ကျပ် သတ်မှတ်ကောက်ခံသွားမည်ဟု ကြေညာထားသည်။

ထို့ပြင် စက်မှုဇုန်နှင့် အထူးစီးပွားရေးဇုန် ပြင်ပရှိ စက်မှုနှင့် စီးပွားရေးလုပ်ငန်းများမှလည်း တစ်ယူနစ်လျှင် ၉၀၀ ကျပ် ပေးဆောင်၍ ၂၄ နာရီ ဓာတ်အားရယူလိုပါက ဝန်ကြီးဌာနသို့ တင်ပြလျှင် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့ရာတွင် လက်ရှိဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ဓာတ်အားလိုင်းသယ်ဆောင်နိုင်မှုအပေါ် မူတည်၍ ပုံမှန်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသော အများပြည်သူနှင့် စက်မှု/စီးပွားရေးလုပ်ငန်းများအတွက် လက်ရှိကောက်ခံလျက်ရှိသည့် ဓာတ်အားခနှုန်းထားများကို ပြင်ဆင်ပြောင်းလဲခြင်းမရှိဘဲ ဆက်လက်ကောက်ခံသွားမည်ဟု ဆိုသည်။

အိမ်သုံးနှင့် အိမ်သုံးမဟုတ်သည့် ဓာတ်အားသုံးစွဲသူများအတွက် လက်ရှိ သတ်မှတ်နှုန်းထားများကိုလည်း မပြောင်းလဲသေးကြောင်း၊ သို့သော် ဓာတ်အားထုတ်လုပ်မှုနှင့် ဖြန့်ဖြူးနိုင်မှုမလုံလောက်ပါက ဓာတ်အားဖြတ်တောက်မှု (Load Shed) ဖြစ်ပေါ်နိုင်ကြောင်း အသိပေးထားသည်။

ယခု လျှပ်စစ်ဓာတ်အားခနှုန်းထား ပြင်ဆင်သတ်မှတ်ချက်သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင် အကျိုးသက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

image