နွေရာသီတွင် နယူးကာဆယ်စတားအန်တိုနီဂေါ်ဒွန်ကို ပေါင် ၇၅ သန်းခေါ်ယူရေး လီဗာပူး၊ ယူနိုက်တက်တို့နှင့် အပြိုင် အာဆင်နယ် ကြိုးပမ်းနေ
====================
အာဆင်နယ်ဟာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် အန်တိုနီဂေါ်ဒွန်ကို ပြောင်းရွှေ့ကြေး ပေါင် ၇၅ သန်းဖြင့် ခေါ်ယူရန် ပစ်မှတ်ထားနေပါတယ်။

ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ လီဗာပူး၊ ယူနိုက်တက်တို့အား ကျော်ဖြတ်ကာ အင်္ဂလန်လက်ရွေးစင်စတားကို ခေါ်ယူရေး အခြေအနေကောင်းနေပါတယ်။ အင်္ဂလန်တောင်ပံတိုက်စစ်သမားကိုယ်တိုင်က လန်ဒန်သို့ ပြောင်းရွှေ့ကစားလိုနေမှုနှင့်အတူ အာဆင်နယ်က ခေါ်ယူရေး အခြေအနေကောင်းနေတာလည်း ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာ ဂေါ်ဒွန်ကို အဲဗာတန်မှာ ကစားစဉ်ကတည်းက သဘောကျလာခဲ့တာ ဖြစ်ပါတယ်။

ဂေါ်ဒွန်ဟာ နယူးကာဆယ်နှင့် ၂ နှစ်စာချုပ်ကျန်နေသေးသူ ဖြစ်ပြီး ကလပ်ဘက်က ပြောင်းရွှေ့ကြေး ပေါင် ၉၅ သန်းအထိ အလိုရှိနေပေမယ့် အာဆင်နယ်အနေဖြင့် ပေါင် ၇၅ သန်းမှ ပေါင်သန်း ၈၀ အတွင်း ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူလာနိုင်ဖို့ ရှိပါတယ်။

အာဆင်နယ်ဟာ နွေရာသီတွင် မာတင်နယ်လီ ထွက်ခွာလာနိုင်မှုရှိနေမှုနှင့်အတူ ဘယ်တောင်ပံကို အားဖြည့်လိုနေတာ ဖြစ်ပြီး ဂေါ်ဒွန်မှာ ၎င်းတို့ရဲ့ အဝယ်စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေပါတယ်။

ယခုအခါတွင် အသက် ၂၅ နှစ်ပြည့်ခဲ့တဲ့ ဂေါ်ဒွန်ဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက လီဗာပူးသို့ ပြောင်းလုနီးပါး ဖြစ်ပါတယ်။

ဂေါ်ဒွန်ဘက်က နယူးကာဆယ်တွင် ပျော်ရွှင်နေကာ အသင်းပြောင်းလိုခြင်း မရှိကြောင်း ပြောဆိုထားပေမယ့်လည်း ကလပ်ဘက်ကသာ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရှိလာပါက ပြောင်းရန် အသင့် ရှိနေပါတယ်။

အာဆင်နယ်နည်းပြအာတီတာဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်များတွင် နယူးကာဆယ်မှာ ကျောနံပါတ် ၉ အဖြစ်ပါ ကစားနေတဲ့ ဂေါ်ဒွန်ရဲ့ တိုက်စစ်မှာ နေရာစုံ ကစားနိုင်စွမ်း ရှိမှုအပေါ်လည်း သဘောကျနေပါတယ်။

သူဟာ ယခုရာသီတွင် အကောင်းဆုံးပုံစံ ဆက်တိုက် ပြသနိုင်ရေး ရုန်းကန်နေရပေမယ့်လည်း သောမတ်စ်တူချယ်ရဲ့ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်လူစာရင်းတွင် ပါဝင်ရန် သေချာသလောက် ရှိနေသူလည်း ဖြစ်ပါတယ်။

အာတီတာဟာ နွေရာသီတုန်းက ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၅၀ ကျော်အထိ အသုံးပြုပြီးနောက် အာဆင်နယ်ကို ကိုင်တွယ်နေစဉ်အတွင်း အပြောင်းအရွှေ့အသုံးစရိတ် ပေါင် ၁ ဘီလီယံအထိ သုံးထားပြီးလည်း ဖြစ်ပါတယ်။

တဖက်တွင် အာတီတာဟာ ယခုရာသီတွင် ၂၂ နှစ်အတွင်း ပထမဆုံး ပရီးမီးယားလိဂ်ဖလား မဆွတ်ခူးလာနိုင်ပါက ဖိအားများအောက် ကျရောက်လာမှာ ဖြစ်ပြီး နွေရာသီ အသုံးစရိတ် ကန့်သတ်ခံလာရနိုင်ပါတယ်။

ဒါပေမယ့် အာတီတာဟာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးလာပါက နွေရာသီတွင်လည်း အသုံးစရိတ်များစွာ ရရှိလာဖို့ ရှိနေပါတယ်။

image