မန်စီးတီးနှင့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အား ဘက်ပေး လွဲချော်လာမည်ကို ရီးရဲလ်မက်ဒရစ် စိုးရိမ်နေရ
===================
ရီးရဲလ်မက်ဒရစ်ဒါရိုက်တာအီမီလီယိုဘူထရာဂူနိုက ကိုင်လီယန်ဘက်ပေးမှာ လာမယ့် မတ်လတွင် မန်စီးတီးနှင့် ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များကို လွဲချော်လာမည်ကို စိုးရိမ်နေရကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မဲခွဲမှု ပြုလုပ်ခဲ့ရာ နောက်ပိုင်းနှစ်များတွင် ဆုံတွေ့နေကြ မန်စီးတီးနှင့် ရင်ဆိုင်နေရပါတယ်။ မန်စီးတီးနှင့် ရီးရဲလ်မက်ဒရဏ်တို့ဟာ ၂၀၁၉-၂၀ ရာသီနောက်ပိုင်းတွင် ၆ ကြိမ်ဆုံတွေ့ထားပြီး ဖြစ်ပါတယ်။
ကိုင်လီယန်ဘက်ပေးဟာ အင်္ဂါနေ့တုန်းက ရီးရဲလ်မက်ဒရစ်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ဘယ်ဖက်ဒူးဒဏ်ရာရရှိကာ ဘင်ဖီကာနှင့် ချန်ပီယံလိဂ်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
ပြင်သစ်စူပါစတားဟာ ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာရဲ့ တန်ပြန်တိုက်စစ်စနစ်တွင် အလွန်အရေးပါသူ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ဘက်ပေးရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိရသေးပေမယ့်လည်း ဘူထရာဂူနိုက "သူက ကျွန်တော်တို့အတွက် အရမ်းအရေးပါသူ ဖြစ်လို့ မပြင်းထန်ဖို့ မျှော်လင့်နေပါတယ်။ အခု လောလောဆယ်တော့ မန်စီးတီးနဲ့ပွဲမှာ သူ ပါနိုင်မလား မသိသေးပါဘူး"လို့ ပြောကြားသွားပါတယ်။
မန်စီးတီးနှင့် နှစ်တိုင်းဆုံတွေ့နေမှုအပေါ် ဘူထရာဂူနိုက "ရာသီတိုင်း သူတို့နဲ့ ကစားရတာ ပျော်စရာပါ။ ကျုပ်အထင် ပြောရရင် ငါးရာသီဆက်တိုက်တွေ့တာပါ။ ကျွန်တော်တို့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိကြတယ်။ သူတို့မှာ ကြီးကျယ်တဲ့ အသင်းနဲ့ လူစာရင်း ရှိပါတယ်။ ဒီတော့ ဂွါဒီယိုလာအနေနဲ့ ဗျူဟာအများကြီး ရွေးနိုင်ပါတယ်။ ကျွန်တော်တို့ ပထမပွဲကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ ရလဒ်ကောင်းရထားဖို့ လိုပါတယ်။ ဒါမှသာ မန်ချက်စတာမှာ ကောင်းကောင်း ခုခံနိုင်ပါမယ်"လို့ ပြောကြားသွားပါတယ်။