အမိုရမ်အား ထုတ်ပယ်လိုက်မှုအတွက် ပေါင် ၁၆ သန်းနီးပါး ကုန်ကျခဲ့တဲ့ ယူနိုက်တက်
====================
ယူနိုက်တက်က ရူဘင်အမိုရမ်အား ထုတ်ပယ်မှုအတွက် ပေါင် ၁၆ သန်းနီးပါး ကုန်ကျခဲ့ကြောင်း အတည်ပြုလာပါတယ်။

ယူနိုက်တက်ဟာ လိဒ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် အသင်းတာဝန်ရှိသူများကို တိုက်ရိုက်ဝေဖန်ပြောဆိုမှု ပြုလုပ်ခဲ့တဲ့ အမိုရမ်အား ဇန်နဝါရီလ ၅ ရက်နေ့တုန်းက ထုတ်ပယ်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကြာသပတေးနေ့တုန်းက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ခြောက်လတာ ဘဏ္ဍာရေးရှင်းတမ်းအား ထုတ်ပြန်ခဲ့ရာမှာ ပေါင် ၃၂.၆ သန်းအမြတ် ရခဲ့ကြောင်း သိရပါတယ်။

ယင်းဘဏ္ဍာရေးရှင်းတမ်းအရ ယူနိုက်တက်ဟာ အမိုရမ်နှင့် နည်းပြအဖွဲ့ဝင်များအား ထုတ်ပယ်လိုက်မှုအတွက် ပေါင် ၁၅.၉ သန်းကျော် ကုန်ကျခဲ့ကြောင်းလည်း ဆိုထားပါတယ်။

အသက် ၄၁ နှစ်ရှိ ရူဘင်အမိုရမ်ဟာ ယူနိုက်တက်မှ ထုတ်ပယ်ခြင်းခံရပြီးနောက် ယင်းနှင့်ပတ်သက်ပြီး လူသိရှင်ကြား ပြောကြားလာခြင်း မရှိသေးပါဘူး။

ယူနိုက်တက်ဟာ အမိုရမ်အား စပို့တင်းလစ္စဘွန်းမှ ခေါ်ယူနိုင်ရေးအတွက် ပေါင် ၁၁ သန်းအထိ အသုံးပြုခဲ့သလို ယခင်နည်းပြအဲရစ်တန်ဟက်အား ထုတ်ပယ်မှုအတွက် နစ်နာကြေး ပေါင် ၁၀.၄ သန်းအသုံးပြုခဲ့ပါသေးတယ်။

ဒါကြောင့်လည်း ယူနိုက်တက်ဟာ ယခင် နည်းပြနှစ်ဦး အပြောင်းအလဲ လုပ်မှုအတွက် ပေါင် ၃၇.၃ သန်းအထိ အသုံးပြုခဲ့ရပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြအမိုရမ်ဟာ ယူနိုက်တက်အား ၁၄ လတာကိုင်တွယ်စဉ်အတွင်း ၆၃ ပွဲ ကိုင်တွယ်ခဲ့ရာမှာ နိုင်ပွဲ ၂၅ ပွဲတည်းသာ ရယူနိုင်ခဲ့ပြီး ၂၀၂၄-၂၅ ရာသီတုန်းက အဆင့် ၁၅ နေရာတွင်သာ ရပ်တည်ကာ ၁၉၇၃-၇၄ ရာသီနောက်ပိုင်း အဆိုးရွားဆုံးအဆင့်တွင် ရပ်တည်ခဲ့ရပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင်လည်း စပါးစ်ကို ရှုံးနိမ့်ခဲ့ကာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ဒုတိယအကြိမ်မြောက် ဥရောပပြိုင်ပွဲမရှိတဲ့ ရာသီ ပိုင်ဆိုင်ခဲ့ပါတယ်။

ယခုရာသီတွင်လည်း အမိုရမ်ကိုင်တွယ်ခဲ့တဲ့ ယူနိုက်တက်ဟာ ခါရာဘောင်ဖလားနှင့် အက်ဖ်အေဖလားပြိုင်ပွဲတို့မှာ အစောဆုံးအဆင့်မှပင် ထွက်ခဲ့ရပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ အမိုရမ်ကို ထုတ်ပယ်ပြီးနောက် မိုက်ကယ်ကာရစ်အား ယာယီနည်းပြအဖြစ် ခန့်အပ်လာချိန်မှာတော့ ၆ ပွဲတွင် ၅ ပွဲ အနိုင် ရရှိကာ ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

image