ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ထိပ်တန်းလက်ရွေးစင်အသင်းနည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားနေတဲ့ ဇာဗီး
==================
ဇာဗီးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ရန် လေးလခန့်သာ လိုတော့တဲ့အချိန်တွင် မော်ရိုကိုအသင်းနည်းပြရာထူးအတွက် ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။
စပိန်လူမျိုးနည်းပြဟာ ၂၀၂၄ ခုနှစ်တုန်းက ဘာစီလိုနာနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့သူ ဖြစ်ပါတယ်။
မော်ရိုကိုအသင်းကို နည်းပြဝါလစ်ရီဂရာဂူက ကိုင်တွယ်နေပြီး အသင်းမှ ထွက်ခွာလာတော့မယ်လို့ သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။
မော်ရိုကိုဘောလုံးအဖွဲ့ချုပ်က နည်းပြရီဂရာဂူနှင့် လမ်းခွဲတော့မယ်ဆိုတဲ့ သတင်းကို ငြင်းဆိုထားပါတယ်။
ရီဂရာဂူဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မော်ရိုကိုအား ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့သလို မကြာသေးမီတုန်းက အာဖရိကဖလားပြိုင်ပွဲတွင် ဒုတိယရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် Marca ရဲ့ ဖော်ပြလာမှုအရ မော်ရိုကိုဟာ ဇာဗီးအား ခန့်အပ်ရန် မျှော်လင့်နေကြောင်း သိရပါတယ်။ တဖက်တွင် ဇာဗီးကိုယ်တိုင်ကလည်း စိတ်ဝင်စားစရာစီမံကိန်းတစ်ခု ဖြစ်ပါက လက်ခံရန် အသင့်ရှိနေပါတယ်။
ဒါပေမယ့် ဇာဗီးက စီမံကိန်းအား စတင်ကတည်းက လုပ်ဆောင်လိုနေတာ ဖြစ်ပြီး ယခုကဲ့သို့ ကမ္ဘာ့ဖလားပြိုင်ပွဲ နီးကပ်နေတဲ့အချိန်မျိုးတွင်မှ မော်ရိုကိုအသင်းအား ကိုင်တွယ်လိုဖွယ်မရှိကြောင်းလည်း Marca က ဖော်ပြသွားပါတယ်။
မော်ရိုကိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီး၊ စကော့တလန်၊ ဟေတီတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။
ဒါပေမယ့် မော်ရိုကိုအသင်းဟာ ဘရာဟမ်ဒီယာ့ဇ်၊ အာခရပ်ဖ်ဟာကီမီ၊ နူဆာမာ့ဇ်ရာဝီတို့ကဲ့သို့ နာမည်ကျော်ကစားသမားများကိုလည်း ပိုင်ဆိုင်ထားမှုနှင့်အတူ ကမ္ဘာ့ဖလားအုပ်စုအဆင့်ကို ကျော်ဖြတ်ရန် အခြေအနေကောင်းတစ်ခု ပိုင်ဆိုင်ထားပါတယ်။