နာဇီအလေးပြုမှု ပြုလုပ်ခဲ့တဲ့ ပရိသတ်အား ဘာနေဗျူးကွင်းအပြင်သို့ ဆွဲထုတ်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်
======================
ရီးရဲလ်မက်ဒရစ်ဟာ ဗုဒ္ဓဟူးနေ့ညတုန်းက ဘင်ဖီကာအား အနိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ နာဇီအလေးပြုမှု ပြုလုပ်ခဲ့တဲ့ ပရိသတ်တစ်ဦးအား ဘာနေဗျူးကွင်းအပြင်ဘက်သို့ ဆွဲထုတ်သွားခဲ့ပြီး ယင်းဖြစ်ရပ်အား စုံစမ်းစစ်ဆေးမှုများ ဆက်လက် ပြုလုပ်နေပါတယ်။
ဘာနေဗျူးကွင်းပွဲစဉ်ရဲ့ ပွဲစမတင်မီ ပရိသတ်တစ်ဦးဟာ ရုပ်သံကင်မရာက ရိုက်ကူးမှု ပြုလုပ်စဉ် နာဇီအလေးပြုမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
လုံခြုံရေးဝန်ထမ်းများဟာ ယင်းပရိသတ်ကို သိရှိပြီးနောက် ကွင်းမှ ဆွဲထုတ်ခဲ့ကြပါတယ်။
ဗုဒ္ဓဟူးနေ့ည ဘာနေဗျူးကွင်းပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်တို့ ၂-၁ ဖြင့် အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဖြင့် အနိုင်ရရှိကာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့ပါတယ်။
လစ္စဘွန်းတွင် ကစားတဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ်ပထမအကျော့ပွဲစဉ်တုန်းကလည်း ရီးရဲလ်မက်ဒရစ်စတားဗီနီရှပ်စ်ဂျူနီယာကို ဘင်ဖီကာရဲ့ ပရီစတီယန်နီက လူမျိုးရေးခွဲခြားမှု ပြုလုပ်မှုကြောင့် ပွဲကို ၁၀ မိနစ်ခန့် ရပ်ဆိုင်းခဲ့ရပါသေးတယ်။
ပရီစတီယန်နီဟာ ယင်းအဖြစ်အပျက်ကြောင့် ယာယီ ၁ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရပြီး ဗုဒ္ဓဟူးနေ့ည ပွဲစဉ်အား လွဲချော်ခဲ့ပါတယ်။