နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်တွေ့ဆုံ

မကြာမီ လွှတ်တော်ကျင်းပမည့်အကြောင်းကိုဆွေးနွေး

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော် လေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha တို့ ယနေ့ ဖေဖော်ဝါရီ ၂၅ ရက်နံနက်ပိုင်းက တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဥ် မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကျင်းပခဲ့မှု၊ ရွေးကောက်ပွဲကျင်းပချိန်တွင် ပြည်သူများ အားတတ်သရောပါဝင်ဆန္ဒမဲပေးခဲ့ကြပြီး ယခုအချိန်အထိ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြီးမားသည့်ကန့်ကွက်မှုများမရှိခြင်းကြောင့် အောင်မြင်သည့်ရွေးကောက်ပွဲတစ်ရပ်အဖြစ် ကျင်းပနိုင်ခဲ့မှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မကြာမှီအတွင်း လွှတ်တော်ကျင်းပသွားမည့် အခြေအနေများ၊ နိုင်ငံရေးအစိုးရများ မည်သို့ပင်ပြောင်းလဲသည်ဖြစ်စေ တပ်မတော်သည်ပြောင်းလဲမှုမရှိခြင်းကြောင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးအတွက် တပ်မတော်အနေဖြင့်ဆောင်ရွက်ပေးလျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်နှင့် လေတပ်တို့ကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်လျက်ရှိမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများစဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား လေ့ကျင့်ရေးဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက် သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

image