အာဖရိကဖလားဗိုလ်လုပွဲ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွက် ပရိသတ်များအား ထောင်ဒဏ်ချမှတ်မှုအပေါ် ဆီနီဂေါအစိုးရ ကန့်ကွက်လာ
==================
ဆီနီဂေါဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် အာဖရိကဖလားဗိုလ်လုပွဲတွင် လုံခြုံရေးဝန်ထမ်းများနှင့် ခိုက်ရန် ဖြစ်ပွားမှုအတွက် ဆီနီဂေါနိုင်ငံသား ၁၈ ဦးအား ထောင်ဒဏ်ချမှတ်မှုမှာ ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်ဖြစ်ကြောင်း ပြောကြားလာပါတယ်။
ဇန်နဝါရီလ ၁၈ ရက်နေ့တုန်းက ရာဘက်တွင် ကစားတဲ့ အာဖရိကဖလားဗိုလ်လုပွဲတွင် ဆီနီဂေါပရိသတ်များဟာ လုံခြုံရေးဝန်ထမ်းများနှင့် ခိုက်ရန် ဖြစ်ပွားပြီးနောက် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
အဆိုပါပွဲစဉ်ရဲ့ အချိန်ပိုတွင် မော်ရိုကိုဘက်သို့ ပင်နယ်တီပေးလိုက်ပြီးနောက် ဆီနီဂေါပရိသတ်တို့ ကွင်းအတွင်း ဝင်ရောက်လာကာ လုံခြုံရေးဝန်ထမ်းများနှင့် ခိုက်ရန် ဖြစ်ပွားခဲ့ကြပါတယ်။
ယင်းအချိန်တွင် ဆီနီဂေါကစားသမားများကလည်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေဖြင့် ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ပါတယ်။
ဆာဒေယိုမာနေးက ကစားဖော်များကို ကွင်းအတွင်းသို့ ပြန်ခေါ်လာပြီး ပွဲကို ဆက်ကစားခဲ့ရပါတယ်။ ယင်းပင်နယ်တီကို ရီးရဲလ်မက်ဒရစ်စတားဘရာဟမ်ဒီယာ့ဇ် ကန်ရာမှာ ကာကွယ်ခြင်းခံခဲ့ရပြီး ဆီနီဂေါတို့ ၁-၀ ဖြင့် အနိုင်ရကာ ချန်ပီယံဘွဲ့ကို ကာကွယ်သွားခဲ့ပါတယ်။
ကြာသပတေးနေ့မှာတော့ မော်ရိုကိုတရားရုံးတစ်ခုက အာဖရိကဖလားဗိုလ်လုပွဲတွင် ဘောလုံးအကြမ်းဖက်သမားများကဲ့သို့ ပြုမူခဲ့တဲ့ ဆီနီဂေါပရိသတ်များအား ထောင်ဒဏ် ၃ လမှ ၁ နှစ်အထိ ချမှတ်လာပြီး ဒဏ်ငွေ ဒေါ်လာ ၅၂၅ နှင့် ညီမျှတဲ့ ဒါဟမ် ၅၀၀၀ အထိ ဒဏ်ရိုက်ခဲ့ပါတယ်။
ဆီနီဂေါဝန်ကြီးချုပ်အူစမာနီဆွန်ကိုက "ဒီကိစ္စက အားကစားနယ်ပယ်ကို ကျော်လွန်ပြီး လုပ်လိုက်တာပဲ။ ဝမ်းနည်းစရာကောင်းတယ်။ မော်ရိုကိုနဲ့ ဆီနီဂေါတို့လို တစ်ဦးကို တစ်ဦး မိတ်ဆွေလို့ ခေါ်ဝေါ်ကြတဲ့ နိုင်ငံနှစ်နိုင်ငံအတွက် ဒီအဖြစ်အပျက်က ဒီလောက်အထိ မဖြစ်သင့်ပါဘူး"လို့ ပါလီမန်တွင် ပြောကြားသွားပါတယ်။
မော်ရိုကိုအစိုးရရှေ့နေများက ဆီနီဂေါပရိသတ်များကို ထောင်ဒဏ် ၂ နှစ်အထိ အများဆုံးချမှတ်ရန် တောင်းဆိုခဲ့ကြတာပါ။
ဆီနီဂေါပရိသတ် ၁၈ ဦးတို့က အမှားအယွင်းတစုံတရာ မပြုလုပ်ကြောင်း ငြင်းဆိုထားကြပြီး အယူခံဝင်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၎င်းတို့ဟာ မော်ရိုကိုဘုရင်ထံ အသနားခံစာတင်ပို့လာကြပါမယ်။
တဖက်တွင် ဆီနီဂေါဝန်ကြီးချုပ်က ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ပရိသတ် ၁၈ ဦးအား နှစ်နိုင်ငံအကြား သဘောတူညီထားတဲ့အတိုင်း အကျဉ်းသား လွဲပြောင်းမှု ပြုလုပ်ရေး အရှိန်မြှင့်တင်လုပ်ဆောင်သွားနိုင်ကြောင်းလည်း ဆိုထားပါတယ်။