၉ ပွဲတည်းသာ ကိုင်တွယ်ရသေးတဲ့ နည်းပြရမ်ဆေးကို ဝက်စ်ဘရွန်း ထုတ်ပယ်လာ
===================
ဝက်စ်ဘရွန်းဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားတွင် တန်းဆင်းဇုန်နှင့် တစ်မှတ်အကွာတွင်သာ ရပ်တည်ရပြီးနောက် အသင်းကို ၉ ပွဲတည်းသာ ကိုင်တွယ်ရသေးတဲ့ နည်းပြအဲရစ်ရမ်ဆေးအား ထုတ်ပယ်လာပါတယ်။
အသက် ၃၄ နှစ်ရှိ ရမ်ဆေးဟာ ရိုင်ယန်မေဆင် ထွက်ခွာသွားပြီးနောက် ဇန်နဝါရီလ ၁၁ ရက်နေ့တုန်းက ၂ နှစ်ခွဲစာချုပ်ဖြင့် ခန့်အပ်ခြင်းခံခဲ့ရသူပါ။
ယူနိုက်တက်နည်းပြဟောင်းရမ်ဆေး စတင်ကိုင်တွယ်တုန်းက ဝက်စ်ဘရွန်းဟာ ချန်ပီယံရှစ်အမှတ်ပေးဇယားအဆင့် ၁၈ နေရာတွင် ရပ်တည်နေပြီး တန်းဆင်းဇုန်နှင့် ၇ မှတ်အကွာတွင် ရပ်တည်နေတာပါ။
ဒါပေမယ့် ရမ်ဆေးလက်ထက်တွင် ဝက်စ်ဘရွန်းတို့ နိုင်ပွဲပျောက်ဆုံးနေခဲ့ပြီး အင်္ဂါနေ့တုန်းက အိမ်ကွင်းတွင် ချာလ်တန်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲအပြီးမှာတော့ ထုတ်ပယ်ခြင်းခံလာရပါတယ်။
ရမ်ဆေးဟာ မေဂျာလိဂ်ကလပ် မင်နီဆိုတားယူနိုက်တက်ကို ကွန်ဖရင့်လိဂ်ပလေးအော့ဖ်သို့ ၂ ကြိမ်ဆက် ပို့ဆောင်ပေးပြီးနောက် ဝက်စ်ဘရွန်းသို့ ရောက်လာတာပါ။
ဝေးလ်နိုင်ငံသားဟာ မေဂျာလိဂ်သို့ သွားရောက် အလုပ်မလုပ်မီ ယူနိုက်တက်တွင် အဲရစ်တန်ဟက်လက်အောက်မှာ အလုပ်လုပ်ခဲ့သလို ဝေးလ်လက်ရွေးစင်အသင်းတွင်လည်း လက်ထောက်နည်းပြအဖြစ် အလုပ်လုပ်ခဲ့ဖူးပါတယ်။