တောင်းဆိုမှုအား ယူအီးအက်ဖ်အေက ပယ်ချလာမှုကြောင့် အာဆင်နယ်ပွဲကို အပြောင်းအလဲ လုပ်လာရတော့မယ့် ပရီးမီးယားလိဂ်
=================
ပရီးမီးယားလိဂ်ဟာ လာမယ့်လ ချန်ပီယံလိဂ်ပွဲစဉ်ကြောင့် အာဆင်နယ်ရဲ့ အဲဗာတန်နှင့်ပွဲစဉ်အား ပွဲရက် အပြောင်းအလဲ ပြုလုပ်လာရဖို့ ရှိနေပြီ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လာမယ့် မတ်လ ၁၅ ရက်နေ့ တနင်္ဂနွေနေ့တွင် အမ်းမရိတ်ကွင်းမှာ အဲဗာတန်နှင့် ကစားပြီး ၂ ရက်အကြာ မတ်လ ၁၇ ရက်နေ့ အင်္ဂါနေ့တွင် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အား ဧည့်ခံကစားရပါမယ်။
အာဆင်နယ်ဟာ ချန်ပီယံလိဂ်လိဂ်အဆင့်တွင် အဆင့် ၁ နေရာမှာ ရပ်တည်ခဲ့ရာ ၁၆ သင်း ရှုံးထွက်အဆင့်ရဲ့ ဒုတိယအကျော့အား အိမ်ကွင်းမှာ ကစားခွင့်ရထားပါတယ်။
စပါးစ်မှာလည်း အဆင့် ၄ နေရာတွင် ရပ်တည်ထားမှုနှင့်အတူ ဒုတိယအကျော့အား အိမ်ကွင်းမှာ ကစားခွင့်ရထားပါတယ်။
တဖက်တွင် စည်းမျဉ်းအရ မြောက်လန်ဒန်အခြေစိုက် အိမ်နီးချင်းကလပ် ၂ ခုအနေဖြင့် တစ်မြို့တည်းတွင် တစ်ရက်တည်းတွင် ပွဲတပြိုင်တည်း ကစားနိုင်ခြင်း မရှိပါဘူး။
ဒါကြောင့်လည်း ယူအီးအက်ဖ်အေအနေဖြင့် စပါးစ်နှင့် အာဆင်နယ်ပွဲတို့အား အင်္ဂါနေနှင့် ဗုဒ္ဓဟူးနေ့တို့တွင် ကစားလာရစေပါမယ်။
အာဆင်နယ်ကဲ့သို့ပင် စပါးစ်မှာလည်း မတ်လ ၁၅ ရက်နေ့ တနင်္ဂနွေနေ့တွင် ကစားရမှာ ဖြစ်ပေမယ့် အန်ဖီးလ်ကွင်းသို့ သွားရောက်ကာ လီဗာပူးနှင့် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လီဗာပူးနှင့် စပါးစ်ပွဲကို အပြောင်းအလဲ ပြုလုပ်စရာ မလိုအပ်ပါဘူး။
စပါးစ်အနေဖြင့် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တို့တွင် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ပွဲတို့အား ကစားလာဖို့ ရှိနေပါတယ်။
တဖက်တွင် အာဆင်နယ်မှာ တနင်္ဂနွေနေ့နှင့် အင်္ဂါနေ့တို့အကြား ၂ ရက်တည်းသာ ကွာဟကာ ၂ ပွဲကစားရပါမယ်။
ယင်းကဲ့သို့ အခြေအနေကြောင့် ပရီးမီးယားလိဂ်ဟာ အာဆင်နယ်ရဲ့ အဲဗာတန်နှင့်ပွဲစဉ်အား မတ်လ ၁၄ ရက်နေ့ စနေနေ့သို့ ပြောင်းလဲ ကစားလာစေဖို့ ရှိပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မဲခွဲမှုအား လာမယ့် သောကြာနေ့မှာ ပြုလုပ်လာမှာ ဖြစ်ပြီး ပရီးမီးယားလိဂ် ၆ သင်းလုံး ပါဝင်နေပါတယ်။