နိုင်ငံတလွှား အကြမ်းဖက်မှုများ ဖြစ်ပွားနေမှုနှင့်အတူ မက္ကဆီနှင့် ကစားမယ့် ခြေစမ်းပွဲအား ဖျက်သိမ်းရန် ပေါ်တူဂီ စဉ်းစားနေ
=================
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က မက္ကဆီကိုနိုင်ငံတလွှား အကြမ်းဖက်မှုများ ဖြစ်ပွားနေမှုနှင့်အတူ မက္ကဆီကိုသို့ ခြေစမ်းပွဲ သွားရောက်ကစားရေးအပေါ် ပြန်လည်သုံးသပ်နေကြောင်း အတည်ပြုလာပါတယ်။
ပေါ်တူဂီအသင်းဟာ မတ်လ ၂၈ ရက်နေ့တွင် မက္ကဆီကိုသို့ သွားရောက်ကာ Estadio Banorte ကွင်းသစ်ဖွင့်ပွဲ အခမ်းအနားအစိတ်အပိုင်းတစ်ရပ်အဖြစ် ပေါ်တူဂီနှင့် ခြေစမ်းပွဲကစားရန် စီစဉ်ထားပါတယ်။
ဒါပေမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ တနင်္ဂနွေနေ့မှ စတင်ကာ မူးယစ်ဆေးဂိုဏ်းများနှင့် ဆက်စပ်နေသူများအား ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် နိုင်ငံတလွှား ပြည်နယ် အခု ၂၀ ကျော်တို့တွင် တိုက်ပွဲများ၊ အကြမ်းဖက်မှုများ ဖြစ်ပျက်လာကာ မတည်မငြိမ် ဖြစ်နေပါတယ်။
ယင်းသို့ အခြေအနေကြောင့် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ဟာ မက္ကဆီကိုသို့ သွားရောက်ကာ ခြေစမ်းပွဲ ကစားရေးနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်လာတာလည်း ဖြစ်ပါတယ်။ တဖက်တွင် ပေါ်တူဂီအသင်းအနေဖြင့် မက္ကဆီကိုသို့ သွားရောက် ခြေစမ်းပွဲကစား/မကစား ဆုံးဖြတ်မှုမှာ ပေါ်တူဂီအစိုးရရဲ့ ဆုံးဖြတ်ချက်ကလည်း အဓိကနေရာမှ ပါဝင်လာပါမယ်။
တဖက်တွင် ESPN ရဲ့ ဖော်ပြလာမှုအရ ပေါ်တူဂီအသင်းဟာ လတ်တလောတွင် မက္ကဆီကိုသို့ သွားရောက် ကစားရမည်ဆိုပါကလည်း ၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ ပြင်ဆင်တဲ့ ပွဲ ဖြစ်နေမှုနှင့်အတူ ခရစ္စတီယာနိုရော်နယ်ဒိုအပါအဝင် အရေးပါတဲ့ ကစားသမားအစုံအလင်ဖြင့် သွားရောက်လာမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။