အမြတ်ရရှိလာပေမယ့် အကြွေး ပေါင် ၁.၃ ဘီလီယံအထိ မြင့်မားလာတဲ့ ယူနိုက်တက်
=====================
ယူနိုက်တက်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ခြောက်လတာကာလအတွက် ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန် ကြေညာလာပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၅ ခုနှစ် နောက်ဆုံးခြောက်လအတွင်းတွင် ပေါင် ၃၂.၆ သန်းအထိ အမြတ်ငွေ ရရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၄ နေရာတွင် ရပ်တည်နေတဲ့ ယူနိုက်တက်ဟာ ယမန်တစ်နှစ်တုန်းက ယင်းကာလမျိုးတွင် ပေါင် ၃.၉ သန်းအရှုံးပေါ်ပြီးနောက် တစ်နှစ်အကြာတွင် အမြတ်ငွေများစွာ ရရှိလာတာလည်း ဖြစ်ပါတယ်။
တဖက်တွင် ယူနိုက်တက်ဟာ ချေးငွေထောက်ပံ့မှု ပေါင် ၂၅ သန်းထပ်မံ ရယူခဲ့ရကာ ယခုအခါ ပေါင် ၂၉၅.၇ သန်းအထိ ရှိလာပါတယ်။
ယူနိုက်တက်ဟာ ဂလေဇာမိသားစုက အကြွေးဖြင့် ဝယ်ယူပြီးကတည်းက အကြွေးနွံနစ်လာခဲ့တာ ဖြစ်ပြီး အပြောင်းအရွှေ့ကြွေးမြီများ ထပ်မံတင်လာမှုနှင့်အတူ ယခုအခါ ကြွေးမြီ ပေါင် ၁.၂၉ ဘီလီယံအထိ ရှိလာပြီလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အသားတင်ဘဏ္ဍာရေးကုန်ကျစရိတ် ပေါင် ၁၃.၉ သန်းပေးခဲ့ရပေမယ့်လည်း ယမန်တစ်နှစ်တုန်းကထက် ပေါင် ၃၇.၆ သန်းအထိ နည်းပါးလာခဲ့ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၅ ခုနှစ်တုန်းက ပရီးမီးယားလိဂ်ရဲ့အကြွေ့းအများဆုံးစာရင်းတွင် အဲဗာတန်၊ စပါးစ်တို့အောက်တွင် ရပ်တည်နေဲ့တာ ဖြစ်ပါတယ်။ အဲဗာတန်နှင့် စပါးစ်တို့ဟာ ကွင်းသစ်စီမံကိန်းကြောင့် ကြွေးမြီများ တင်နေခဲ့တာပါ။
ယူနိုက်တက်ဟာလည်း ကွင်းသစ် တည်ဆောက်ရန် စီစဉ်နေပြီး ပေါင် ၂ ဘီလီယံအထိ ကုန်ကျလာဖို့ ရှိနေပါတယ်။
ချန်ပီယံလိဂ်နှင့် ၂ နှစ်ဆက်တိုက် ဝေးကွာလာခဲ့တဲ့ ယူနိုက်တက်ဟာ လာမယ့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိကာ ဘဏ္ဍာရေးကောင်းမွန်လာရေး မျှော်လင့်နေပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၅ ခုနှစ် နောက်ဆုံး ၆ လတွင် စပွန်ဆာ ဝင်ငွေ ပေါင်သန်း ၁၉၀.၃ သန်း ရရှိခဲ့ပြီး ယမန်တစ်နှစ်ကထက် ၈ ရာခိုင်နှုန်းအထိ လျှော့ကျပါတယ်။ ဒါပေမယ့် ယူနိုက်တက်ဟာ လုပ်ခ အသုံးစရိတ် ၉ ရာခိုင်နှုန်းလျှော့ကျလာပြီး ပေါင် ၇၅.၁ သန်းသာ အသုံးပြုခဲ့ရပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်ကျော်တုန်းက ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၉ ရာခိုင်နှုန်းကို ဝယ်ယူခဲ့တဲ့ ပူးတွဲပိုင်ရှင်ဆာဂျမ်ရက်ကလစ်ဖ်ဟာ ဝန်ထမ်း ၄၅၀ ဦးတို့အား ဖယ်ရှားမှုအပါအဝင် အသုံးစရိတ်လျှော့ချမှု အမြောက်အမြား ပြုလုပ်လာမှုကြောင့် လုပ်ခအသုံးစရိတ်လျှော့ကျလာတာလည်း ဖြစ်ပါတယ်။