3 ရက် - ဘာသာပြန်ပါ။

ပဲပြားကိုမှ ခံတွင်းမြိန်မြိန်လေး စားချင်သူများအတွက် "ပဲပြားချဉ်စပ်" ချက်နည်း 😋😋
ထမင်းမြိန်ဟင်းတစ်ခွက်ဖြစ်ဖို့ အသားငါးတွေပဲ လိုအပ်တာမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ ရိုးရှင်းတဲ့ပဲပြားကိုမှ ချဉ်ချဉ်စပ်စပ် အရသာလေးနဲ့ ချက်စားကြည့်တာကလည်း ခံတွင်းကို တကယ်ပဲ ထူးထူးခြားခြား ပြောင်းလဲပေးနိုင်ပါတယ်။ သားသတ်လွတ်သမားတွေရော၊ ထမင်းမြိန်ချင်သူတွေပါ အကြိုက်တွေ့စေမယ့် "ပဲပြားချဉ်စပ်" ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
ပဲပြား - ၄ တုံး ( လက် ၂ ဆစ်ခန့် အတုံးလေးများတုံးပါ)
ကြက်သွန်နီ - ၃ လုံး ( ပုံမှန်အရွယ်အစား)
ကြက်သွန်ဖြူ - ၇ တက် (နုပ်နုပ်စဉ်းထားပါ)
ခရမ်းချဉ်သီး - ၂ လုံး ( အသားနုပ်နုပ်စဉ်းပါ)
ပန်းငရုတ်ပွ - ၁ လုံး ( လက်မအရွယ်ခန့် လှီးပါ)
ဂျုံမှုန့် - အနည်းငယ်
ငရုတ်သီးစိမ်း - ၆ တောင့် ( အစပ်ကြိုက်လျှင် ပိုထည့်နိုင်ပါသည် )
ပဲငံပြာရည် - အနည်းငယ် (ဇွန်းဖြင့် ချိန်ထည့်ပါ)
ဟင်းခတ်မှုန့် - အနည်းငယ်
ငရုတ်ဆီ - အနည်းငယ်
သံပုရာသီး - တစ်ခြမ်း
ငရုတ်ကောင်းစေ့ - ၈ လုံးခန့် (လှော်ပြီး ထောင်းထားပါ)
ကြက်သွန်မြိတ် / နံနံပင် - ၃ ပင်စီ (အနေတော် လှီးဖြတ်ထားပါ)
ချက်ပြုတ်ပုံ အဆင့်ဆင့်
၁။ ဆီကို ပဲပြားမြုပ်သည်အထိ ထည့်ပြီး အပူပေးထားပါ။
၂။ ပဲပြားတုံးလေးများကို ဂျုံမှုန့်အနည်းငယ်ဖြူးပြီး ဆီပူပူတွင် ကြော်ပါ။ အဝါရောင်သန်းလာလျှင် ဆယ်ယူပြီး ဆီစစ်ထားပါ။ (ဂျုံမှုန့်လေးဖြူးပေးတာက ပဲပြားကို ကြွပ်ရွစေပြီး အရောင်လှစေပါတယ်)
၃။ ဒယ်အိုးကို အပူပေးကာ လှီးထားသည့် ကြက်သွန်နီ/ဖြူတို့ကို ဆီသတ်ပါ။ အနံ့မွှေးလာပါက လှီးထားသော ခရမ်းချဉ်သီး၊ ပန်းငရုတ်ပွနှင့် ငရုတ်သီးစိမ်းတို့ ထည့်ပါ။
၄။ အနှစ်ရပြီဆိုလျှင် ကြော်ထားသော ပဲပြားများကို ထည့်ပါ။ ပဲငံပြာရည်အကြည်၊ ဟင်းခတ်မှုန့်၊ ငရုတ်ဆီတို့ထည့်ပြီး အရသာစိမ့်ဝင်အောင် ဖြည်းဖြည်းချင်း မွှေပေးပါ။ ထို့နောက် သံပုရာရည် ညှစ်ထည့်ပြီး ငရုတ်ကောင်းမှုန့် ဖြူးပေးပါ။
၅။ နောက်ဆုံးတွင် ကြက်သွန်မြိတ်နှင့် နံနံပင်လေးများ အုပ်လိုက်ပါက မွှေးပျံ့ပြီး အရသာရှိသော "ပဲပြားချဉ်စပ်ဟင်း" လေး ရရှိပါပြီ။

image