တောင်သူများ၏ ဒေသန္တရအခက်အခဲများကို ထိရောက်လျင်မြန်စွာဖြေရှင်းနိုင်ရန်အတွက် SMS Mobile နည်း ပညာ၊ AI နည်းပညာရပ်များကို အသုံးပြု၍ အချိန်မီမျှဝေပေးစေလို

တိုင်းဒေသကြီး ပြည်နယ်များရှိ တောင်သူများ၏ ဒေသန္တရအခက်အခဲများကို ထိရောက်လျင်မြန်စွာဖြေရှင်းနိုင်ရန်အတွက် SMS Mobile နည်း ပညာ၊ AI နည်းပညာရပ်များကို အသုံးပြု၍ အချိန်မီမျှဝေပေးကြစေလိုကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောသည်။

ယမန်နေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲ၌ သီးနှံကာကွယ်ရေးပညာရှင်များနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေးသွင်းအားစုဆိုင်ရာ တောင်သူပညာပေး လုပ်ငန်းများတိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် ပြောကြားခဲ့စဉ် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကို အခြေခံသည့် စိုက်ပျိုးရေးကဏ္ဍအသွင် ကူးပြောင်းရန် လိုအပ်လျက်ရှိကြောင်း၊ သီးနှံကာကွယ်ရေးဌာနနှင့် မြေအသုံးချရေးဌာနတို့ အချင်းချင်းအပြန်အလှန် ပူးပေါင်းဆောင်ရွက်၍ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှု ဘဝရရှိရေးအတွက် ကျန်းမာသော ဂေဟစနစ်နှင့် စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာအတွေ့အကြုံများကို သုတေသီပညာရှင်များနှင့် တောင်သူအချင်းချင်းဖလှယ်၍ အသုံးပြုနိုင်ရေးကို အထူးအလေးထားဆောင်ရွက်ကြရန်လည်း ဒေါက်တာတင်ထွဋ်က ပြောကြားခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍတွင် အရေးကြီးသည့် မျိုး၊ မြေ၊ ရေ၊ နည်းပညာလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးစေ့ဆိုင်ရာနည်းပညာများ၊ မြေဆီလွှာဆိုင်ရာ နည်းပညာများ၊ ရေစီမံခန့်ခွဲမှုနည်းပညာများအား တောင်သူလယ်သမားများ စနစ်တကျ လိုက်ပါအသုံးပြုလာစေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

image