ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား(၁၆၈)ဦးကိုပြန်လည်ခေါ်ဆောင်
ကမ္ဘောဒီးယားနိုင်ငံ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်ပါဝင်ခဲ့သော မြန်မာနိုင်ငံသား(၁၆၈)ဦးကို ဖေဖော်ဝါရီ ၂၃ ရက်က မြန်မာနိုင်ငံသို့ နှစ်သုတ်ခွဲ၍ ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံသား(၁၆၈)ဦးသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာမြန်မာသံရုံးသို့ရောက်ရှိနေကြခြင်းဖြစ်ပြီး ၎င်းတို့အနက် (၈၇)ဦးကို တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့၊ (၈၁)ဦးကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
မြိတ်မြို့သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများကတွေ့ဆုံပြီး ရန်ကုန်မြို့သို့ တပ်မတော်လေယာဥ်ဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ကြပြီး ရန်ကုန်မြို့သို့ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကိုလည်း တာဝန်ရှိသူများကတွေ့ဆုံကာ ရန်ကုန်မြို့ရှိ စုရပ်နေရာသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကမ္ဘောဒီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက လို အပ်သည့်ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်း၊ လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရမှ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ရောက်ရှိနေသော မြန်မာနိုင်ငံသားများအား မြန်မာ့လေကြောင်းလိုင်း(MAI)၊ တပ်မတော်လေယာဉ်များဖြင့်ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၇ ရက်အထိ မြန်မာနိုင်ငံသား(၁,၀၈၆)ဦးရောက်ရှိခဲ့ပြီးဖြစ်ကာ ဖေဖော်ဝါရီ ၂၃ ရက်တွင်လည်း မြန်မာနိုင်ငံသား(၁၆၈)ဦးကို ပြန်လည်ခေါ်ဆောင်ပေးခဲ့သဖြင့် မြန် မာနိုင်ငံသား(၁,၂၅၄)ဦး ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ် ကြောင်း သိရသည်။