မြောက်လန်ဒန်ဒါဘီပွဲနိုင်ပွဲအပြီးတွင် စပါးစ်ကို ဆိုရှယ်မီဒီယာမှ လှောင်ပြောင်လာတဲ့ အာဆင်နယ်စတားဂါဘရီရယ်
====================
အာဆင်နယ်စတားဂါဘရီရယ်ဟာ တနင်္ဂနွေနေ့ညတုန်းက အဝေးကွင်းတွင် မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်ကို ၄-၁ ဖြင့် အနိုင်ရရှိပြီးနောက် အချိန်မဆိုင်းဘဲ ဆိုရှယ်မီဒီယာတွင် ဓာတ်ပုံတစ်ပုံတင်ကာ လှောင်ပြောင်လာပါတယ်။

အသက် ၂၈ နှစ်ရှိ ဘရာဇီးဗဟိုနောက်ခံလူဟာ အာဆင်နယ်ဝတ်စုံဝတ်စုံဝတ်ဆင်ထားပြီး နံပါတ် ၄ ပါ ဖဲချပ်များ ကိုင်ကာ ရှေ့တွင် ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု၊ M&Ms ချောကလက်ထုပ်၊ ရီယိုသံဗူးတစ်ဗူးပါဝင်တဲ့ ဓာတ်ပုံအား ဆိုရှယ်မီဒီယာတွင် တင်လာတာ ဖြစ်ပါတယ်။

အာဆင်နယ်ဗဟိုနောက်ခံလူဟာ စပါးစ်ကို ပထမအကျော့တုန်းက ၄-၁ ဖြင့် အနိုင်ရခဲ့သလို ဒုတိယအကျော့တွင်လည်း ၄-၁ ဖြင့် အနိုင်ရခဲ့မှုအား ရည်ရွယ်ကာ ၄ ဂဏန်းဖဲချပ်ကို ကိုင်ထားခဲ့တာလည်း ဖြစ်ပါတယ်။

မနေ့ညကပွဲတွင် အာဆင်နယ်ဟာ အီးဇီးနှင့် ဗစ်တာယိုကီရေးစ်တို့ရဲ့ သွ့င်းဂိုး ၂ ဂိုးစီဖြင့် ၄-၁ ဖြင့် အနိုင်ရခဲ့တာပါ။

ဂါဘရီရယ်ရဲ့ ဆိုရှယ်မီဒီယာပို့စ်အောက်တွင် ဒီကလန်ရိုက်က ရယ်နေတဲ့ Emoji ၅ ခု မှတ်ချက်ပြုလာသလို မာတင်နယ်လီနှင့် ဟန်ကာပီတို့ကလည်း အင်္ဂလိပ်လို 'complete boss' လို့ အဓိပ္ပါယ်ရတဲ့ 'Completinho chefe' ဆိုတဲ့ စာကို မှတ်ချက်ပြုလာကြပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့ ဂါဘရီရယ်ဟာ ယင်းပို့စ်ကို ဘရာဇီးကစားဖော် စပါးစ်တိုက်စစ်သမားရီချာလီဆင်အား Tag လုပ်ထားတာ ဖြစ်ပါတယ်။ ရီချာလီဆင်ဟာ မြောက်လန်ဒန်ဒါဘီပွဲတွင် လူစားဝင်ရောက် ကစားခဲ့သူ ဖြစ်ပြီး ဂါဘရီရယ်ရဲ့ ပို့စ်ကြောင့် ပေါက်ကွဲနေမှာတော့ သေချာပါတယ်။

အာဆင်နယ်ဟာ မြောက်လန်ဒန်ဒါဘီနိုင်ပွဲကြောင့် ဒုတိယနေရာမှ မန်စီးတီးအား ရမှတ် ၅ မှတ်ဆက်ဖြတ်ကာ ပရီးမီးယားလိဂ်ကို ဆက်လက် ဦးဆောင်လာပါတယ်။

image