ရာသီသိမ်းရန် ၁၃ ပွဲအလိုတွင် တန်းဆင်းခဲ့ရကာ အင်္ဂလိပ်ဘောလုံးလိဂ်သမိုင်းတွင် အစောဆုံးတန်းဆင်းရတဲ့အသင်း ဖြစ်လာတဲ့ ရှက်ဖီးလ်ဝင်းနက်စ်ဒေး
=====================
ရှက်ဖီးလ်ဝင်းနက်စ်ဒေးဟာ တနင်္ဂနွေနေ့ညတုန်းက ဒါဘီပွဲစဉ်တွင် ရှက်ဖီးလ်ယူနိုက်တက်အား ရှုံးနိမ့်ကာ တန်းဆင်းသွားရပြီးနောက် အင်္ဂလိပ်ဘောလုံးလိဂ်သမိုင်းတွင် အစောဆုံး တန်းဆင်းခဲ့ရတဲ့အသင်းအဖြစ် ဘယ်သူမှ မလိုချင်တဲ့ မှတ်တမ်းဆိုးကြီးကို ပိုင်ဆိုင်သွားပါတယ်။
ရှက်ဖီးလ်ဝင်းနက်စ်ဒေးဟာ အာဏာပိုင်အုပ်ချုပ်အောက်သို့ ဝင်ရောက်ခဲ့ရပြီးနောက် ရမှတ် ၁၈ မှတ် အလျှော့ခံထားရတဲ့အသင်းဖြစ်ပြီး တန်းမဆင်းရရေး မျှော်လင့်ချက် ရှိလာရန်အတွက် ဒါဘီပွဲစဉ်တွင် နိုင်ပွဲ လိုအပ်နေခဲ့တဲ့အသင်း ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ည ဒါဘီပွဲစဉ်တွင် အိမ်ရှင် ရှက်ဖီးလ်ယူနိုက်တက်ဟာ ပွဲအစ စက္ကန့် ၉၀ မှာပင် ဘမ်းဖို့ဒ်ရဲ့ လှပတဲ့ အဆံးသတ်ကန်ချက်ဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၁၉ မိနစ်မှာ ဘာရိုးက ဒုတိယဂိုးထပ်မံ သွင်းယူခဲ့လို့ ၂-၀ ဂိုးဖြင့် ပွဲကို စောစောစီးစီး ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ရှက်ဖီးလ်ဝင်းနက်စ်ဒေးဟာ ပွဲချိန် ၄၉ မိနစ်တွင် ကယ်ဗင်ဖီးလစ် ကြမ်းတမ်းစွာ ဖျက်ထုတ်ကစားလို့ အနီကတ်ပြထုတ်ပယ်ခံရမှုနှင့်အတူ မျှော်လင့်ချက် လင်းလက်လာခဲ့ပါတယ်။
ပွဲချိန် ၅၃ မိနစ်မှာ မက်နေးလ်က ရှက်ဖီးလ်ဝင်းနက်စ်ဒေးအတွက် ချေပဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန်မိနစ် ၉၀ မှာ အိုတက်ဘာယို အနီကတ်ပြထုတ်ခံရလို့ ဆယ်ယောက်တည်းဖြင့်ပင် ကစားခဲ့ရပါတယ်။
ရှက်ဖီးလ်ဝင်းနက်စ်ဒေးဟာ ချန်ပီယံရှစ် ၁၀ ပွဲဆက် ရှုံးနိမ့်လာတာ ဖြစ်ပြီး ဒီရှုံးပွဲကြောင့် ရာသီသိမ်းရန် ၁၃ ပွဲအလိုတွင် တန်းဆင်းရကာ အစောဆုံးတန်းဆင်းခဲ့ရတဲ့အသင်းအဖြစ် ရပ်တည်လာပါတယ်။
ရှက်ဖီးလ်ဝင်းနက်စ်ဒေးဟာ ရာသီသိမ်းရန် ၁၃ ပွဲအလိုတွင် -၇ မှတ် ဖြင့် ရပ်တည်နေရပါတယ်။
တဖက်တွင် ရှက်ဖီးလ်ဝင်းနက်စ်ဒေးဟာ အသင်းပိုင်ရှင်သစ် လက်အောက်သို့ အမြန်ဆုံးရောက်ရေး ကြိုးပမ်းနေသလို ရမှတ် အနုတ်ဖြင့် ရာသီသိမ်းရတဲ့ ပထမအသင်းမဖြစ်ရေးအတွက် ကွင်းအတွင်းတွင် ကြိုးပမ်းရပါဦးမယ်။