၂၀၂၅ ခုနှစ်တွင် ဂိုး ၈၀ သွင်းခဲ့တဲ့ ဘရာဇီးပါရမီရှင်အား ခေါ်ယူနိုင်ရေး ဥရောပကလပ်ကြီးများနှင့်အပြိုင် ယူနိုက်တက် ကြိုးပမ်းနေ
ဖေဖော်ဝါရီ ၂၂
ယူနိုက်တက်ဟာ ၂၀၂၅ ခုနှစ်တွင် ဂိုး ၈၀ အထိ သွင်းယူနိုင်ခဲ့တဲ့ ဘရာဇီးပါရမီရှင်ကစားသမားအား ခေါ်ယူနိုင်ရေး အခြေအနေကောင်းနေကြောင်း သိရပါတယ်။
အက်သလက်တီကိုမီနိုင်းရိုးတွင် ကစားနေတဲ့ အသက် ၁၆ နှစ်ရှိ ဂါဘရီရယ်ဗီနီနိုဟာ လူငယ်အသင်းများတွင် ခြေစွမ်းပြကစားပြီးနောက် ဘရာဇီးရဲ့အလားအလာအကောင်းဆုံးပါရမီရှင်များထဲမှ တစ်ဦးအဖြစ် နာမည်ကြီးနေသူလည်း ဖြစ်ပါတယ်။
သူဟာ ခြေစွမ်းပြကစားနိုင်မှုနှင့်အတူ ဥရောပထိပ်သီးကလပ်များအပြင် ပရီးမီးယားလိဂ်ကလပ်အမြောက်အမြားတို့ရဲ့ ဆက်သွယ်ခြင်းလည်း ခံနေရပါတယ်။
သူဟာ အသက် ၁၆ နှစ်သာ ရှိနေသေးတာကြောင့် ဖီဖာစည်းမျဉ်းအရ ဥရောပသို့ ပြောင်းရွှေ့ရေး နောက်ထပ် ၂ နှစ်စောင့်ဆိုင်းရပါဦးမယ်။
ဒါပေမယ့်လည်း ဘရာဇီးရဲ့အလားအလာအကောင်းဆုံးတိုက်စစ်သမားကို ကမ္ဘာတလွှားထိပ်သီးကလပ်များက ခေါ်ယူရေး အပြိုင် ကြိုးပမ်းနေကြပါတယ်။
ယင်းအထဲတွင် ချဲလ်ဆီး၊ အာဆင်နယ်၊ မန်စီးတီးတို့လည်း ပါဝင်နေပေမယ့် ယူနိုက်တက်က ဂါဘရီရယ်အား ခေါ်ယူနိုင်ရေး အခြေအနေအကောင်းဆုံး ဖြစ်နေပါတယ်။
ဥရောပကလပ်များဟာ ပြီးခဲ့တဲ့နှစ်များအတွင်းတွင် ဘရာဇီးကလပ်များမှ ပါရမီရှင်များကို အကြိုစာချုပ်ချုပ်ဆိုပြီး အသက် ၁၈ နှစ်ပြည့်ချိန်တွင် ခေါ်ယူဖူးပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဗီနီရှပ်စ်၊ ရိုဒရီဂို၊ အန်းဒရစ်တို့အား ခေါ်ယူဖူးသလို ချဲလ်ဆီးကလည်း အက်စ်တီဗာအိုအား ပါးမီးရပ်စ်မှ ခေါ်ယူဖူးပါတယ်။
ဒါကြောင့်လည်း ယူနိုက်တက်ဟာ ဂါဘရီရယ်ကို အကြိုစာချုပ်ဖြင့် ခေါ်ယူပြီး အသက် ၁၈ နစ်ပြည့်ချိန်တွင်မှ အသင်းနှင့် ပူးပေါင်းနိုင်ရေး လုပ်ဆောင်နေပါတယ်။
