ထိုင်းနိုင်ငံရောက် လာအို၊ မြန်မာနှင့် ဗီယက်နမ် အလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့် Work Permit သက်တမ်းကို မတ်လ ၃၁ ရက်အထိ တိုးမြှင့်
သက်တံ့
ဖေဖော်ဝါရီ ၂၂
လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံသား အလုပ်သမားများအနေဖြင့် အလုပ်လုပ်ကိုင်ခွင့် လက်မှတ် (Work Permit) အသစ်လဲလှယ်ခြင်းဆိုင်ရာ လိုအပ်ချက်များကို အပြီးသတ်ဆောင်ရွက်ရန် နောက်ဆုံးသတ်မှတ်ရက်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက် အထိ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက တိုးမြှင့်ပေးလိုက်သည်။
အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Treenuch Thienthong သည် နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှုမူဝါဒကော်မတီ၏ (၂/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးကို ဦးဆောင်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အလုပ်သမားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။ ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်တွင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဌာနချုပ် (ISOC)၊ အမျိုးသားလုံခြုံရေးကောင်စီနှင့် ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်းတို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့က ချမှတ်ခဲ့သော အစိုးရအဖွဲ့ (Cabinet) ဆုံးဖြတ်ချက်အရ အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားခြင်းလုပ်ငန်းစဉ်များတွင် ကြုံတွေ့နေရသည့် အခက်အခဲများဖြစ်သော ကျန်းမာရေးအာမခံ အထောက်အထားများ တင်ပြခြင်း၊ ကျန်းမာရေးစစ်ဆေးမှု ခံယူခြင်း၊ အလုပ်လုပ်ကိုင်ခွင့်ကြေး ဘတ် ၉၀၀ ပေးသွင်းခြင်း စသည်တို့ကို ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် ယခုကဲ့သို့ သက်တမ်းတိုးမြှင့်မှုကို အတည်ပြုခဲ့ခြင်းဖြစ်သည်။
လာအို၊ မြန်မာနှင့် ဗီယက်နမ် အလုပ်သမားများအတွက် ယခင်က နောက်ဆုံးသတ်မှတ်ရက်ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက် အဖြစ် သတ်မှတ်ထားသော်လည်း အလုပ်သမားများမှာ တရားမဝင်လုပ်သားအဖြစ် စနစ်ပြင်ပသို့ ရောက်ရှိသွားခြင်းနှင့် ထိုသို့ တရားမဝင် ဖြစ်သွားခြင်းတို့မှ ကာကွယ်ရန် မတ်လ ၃၁ ရက် အထိ တိုးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။
"ဒီနေ့ အစည်းအဝေးမှာ နိုင်ငံသား သုံးမျိုးရဲ့ အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားမှုမှာ ကျန်ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ပါတယ်။ အလုပ်သမား စုစုပေါင်း ၈၉၀,၇၈၆ ဦးထဲမှာ ၃၇၅,၀၃၈ ဦးဟာ လုပ်ငန်းစဉ်တွေကို အပြီးသတ်နိုင်ခြင်း မရှိသေးပါဘူး" ဟု ဝန်ကြီး Treenuch က ပြောကြားခဲ့သည်။
၎င်းက ဆက်လက်၍ "ဒီအချက်ဟာ နိုင်ငံခြားသားတွေကို တရားမဝင် အလုပ်လုပ်ကိုင်သလို ဖြစ်စေနိုင်ပြီး အလုပ်ရှင်နဲ့ လုပ်ငန်းခွင်တွေမှာလည်း တရားဝင် ငှားရမ်းနိုင်ခြင်း မရှိတော့တဲ့အတွက် စီးပွားရေးကဏ္ဍမှာ လုပ်သားရှားပါးမှုတွေ ဖြစ်ပေါ်စေပြီး ထုတ်လုပ်မှုနဲ့ နိုင်ငံတော်ရဲ့ လုပ်သားတည်ငြိမ်မှုကို ထိခိုက်စေနိုင်ပါတယ်" ဟု ဆိုသည်။
ကော်မတီအနေဖြင့် အကြောင်းပြချက်များ၊ လိုအပ်ချက်များနှင့် ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို သေချာစွာ ထည့်သွင်းစဉ်းစားခဲ့ကြောင်း Treenuch က ထပ်လောင်းပြောကြားသည်။ အလုပ်သမားဝန်ကြီးဌာနသည် အစည်းအဝေးရလဒ်ကို ထပ်မံ စဉ်းစားဆုံးဖြတ် အတည်ပြုနိုင်ရန် အစိုးရအဖွဲ့ (Cabinet) ထံသို့ တင်ပြသွားမည်ဖြစ်သည်။
ထို့အပြင် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက် အစိုးရအဖွဲ့ ဆုံးဖြတ်ချက်နှင့်အညီ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံသားများအား ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် အထူးခွင့်ပြုချက် ထုတ်ပြန်ပေးနိုင်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန၏ အသိပေးကြေညာချက်ကို အမြန်ဆုံး မူကြမ်းရေးဆွဲရန် အလုပ်အကိုင်ခန့်ထားရေးဦးစီးဌာနကို ညွှန်ကြားထားသည်ဟု သိရသည်။
Ref : The Nation Thailand


