အီးစီးကရက် (Electronic Cigarette)၊ ရှစ်ရှား(Electronic Shisha)နှင့် ဆက်စပ်ပစ္စည်းများ ရောင်းဝယ်၊ သုံးစွဲ၊ လက်ဝယ်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်

ဖေဖော်ဝါရီ ၂၂
Written by Linn Eain

လူငယ်ထုအကြားတွင် Vape စက်ဟု အသိများသော အီးစီးကရက် (Electronic Cigarette) နှင့် ရှစ်ရှား(Electronic Shisha)ဆက်စပ်ပစ္စည်းများ ရောင်းဝယ်၊ သုံးစွဲ၊ လက်ဝယ်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အမိန့်အမှတ် ၈/၂၀၂၆ ၊ ဖေဖော်ဝါရီ ၁၈ ရက် နေ့စွဲဖြင့် ထုတ်ပြန်‌လိုက်သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က) အရ ပြည်ထောင်စုအစိုးရအဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်က အမိန့်အမှတ် ၂ / ၂၀၂၆ ဖြင့် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၉ အရ အဆိုပါ အမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အီလက်ထရောနစ်အငွေ့ရှူစက် (Electronic Smoking Device) ဖြစ်သည့် အီလက်ထရောနစ်စီးကရက် (Electronic Cigarette)၊ ယင်းအီလက်ထရောနစ်စီးကရက်ကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်လိုက်ပြီး ကုန်စည်များအပေါ် တားမြစ်မိန့်ထုတ်ပြန်ခဲ့သည်။

မည်သူမဆို အဆိုပါသတ်မှတ်ထားသည့် ကုန်စည်များကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်း သို့မဟုတ် စားသုံးခြင်းပြုပါက ထောင်သုံးနှစ်အထိ ချမှတ်နိုင်သည့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ကြောင်း သိရသည်။

ဆက်စပ်ပစ္စည်းများအနေဖြင့် အငွေ့ရှုတံ (Mouthpiece)၊ ဓာတုဗေဒဆေးရည်(E-liquid)ထည့်သည့်ပစ္စည်းများ (Reservoir, Cartridge, Tank, Pod,.etc)၊ အငွေ့ထွက်စေသော အပူပေးကိရိယာ (Atomizer)၊ မိုက်ခရိုပရိုဆက်ဆာ (Microprocessor)၊ ဘက်ထရီ (Battery) အားသွင်းစက်(Charger)၊ အားသွင်းကြိုး(Charging Cable)၊ နီကိုတင်းပါဝင်သော ဓာတုဗေဒဆေးရည် သို့မဟုတ် နီကိုတင်း မပါဝင်သော ဓာတုဗေဒဆေးရည်(အနံ့အရသာရှိပါကပူးတွဲလျက်)၊ အနံ့အရသာရှိသော ပစ္စည်းများ၊ ပစ္စည်းထည့်သည့် အိတ်(Carrying Case)၊ သန့်ရှင်းရေးပြုလုပ်သည့် ပစ္စည်း(Cleaning Tool)နှင့် အခြားဆက်စပ်ပစ္စည်းတို့ ပါဝင်ကြောင်း သိရသည်။

ဆက်လက်၍ အပူပေးအငွေ့ရှူစက် (Heated Smoking Device)၊ ယင်းအပူပေးအငွေ့ရှူစက်ကဲ့သို့ အလားတူပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများဖြစ်ကြသည့် အငွေ့ထွက်စေသည့် အရာဝတ္ထုအားအပူပေးရန် ထည့်သည့်ပစ္စည်း (Holder)၊ အငွေ့ထွက်စေသည့် အရာဝတ္ထုအား အပူပေးရန် ထည့်သည့်ပစ္စည်း(Holder) ၏အပြင်ခွံ(Casing)၊ ဘက်ထရီ(Battery)၊ မိုက်ခရိုပရိုဆက်ဆာ(Microprocessor)၊ အပူပေးဘလိတ်ပြား(Heating Blade)၊ အပူပေးကွိုင် (Heating Coil)၊ အပူပေးအိုး(Heating Oven)၊ ဓာတုဗေဒဆေးရည်(E-liquid)(အနံ့အရသာရှိပါကပူးတွဲလျက်)၊ အနံ့အရသာရှိသောပစ္စည်းများ၊ ပစ္စည်းထည့်သည့်အိတ်(Carrying Case)၊ သန့်ရှင်းရေးပြုလုပ်သည့်ပစ္စည်း(Cleaning Tool)၊ အားသွင်းစက်(Charger)၊ အားသွင်းကြိုး(Charging Cable)နှင့် အခြားဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အီလက်ထရောနစ်အငွေ့ရှူစက် (Electronic Smoking Device) ပါဝင်သည့် အီလက် ထရောနစ်ရှီရှား(Electronic Shisha) ၊ ယင်းအီလက်ထရောနစ်ရှီရှားကဲ့သို့ အလားတူ ပစ္စည်းနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းများဖြစ်ကြသည့် အငွေ့ရှူတံ(Mouthpiece)၊ အငွေ့ရှူပိုက်(Hose)၊ အငွေ့ဖြတ်သွားရန် ရေ (သို့မဟုတ်) အခြားအရည်တစ်မျိုးမျိုးထည့်သည့်အိုး (Vase)၊ လေလုံစေရန် အသုံးပြုရသည့် ရော်ဘာ (သို့မဟုတ်) ဆီလီကွန် (သို့မဟုတ်) ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့်ပစ္စည်း(Grommet)၊ ဓာတုဗေဒဆေးရည်(E liquid)ထည့်သည့်ပစ္စည်း (Reservoir,Cartridge, Tank, Pod,.etc)၊ နီကိုတင်းပါဝင်သော ဓာတုဗေဒဆေးရည် သို့မဟုတ် နီကိုတင်းမပါဝင်သော ဓာတုဗေဒဆေးရည်(E-liquid) ၊ သကာရည်(Molasses)နှင့် အခြားအရည်များ (အနံ့အရသာရှိပါကပူးတွဲလျက်)၊ အနံ့အရသာရှိသော ပစ္စည်းများ၊ အငွေ့ထွက်စေသော အပူပေးကိရိယာ(Atomizer)၊ မိုက်ခရိုပရိုဆက်ဆာ(Microprocessor) သို့မဟုတ် ကွန်ပျူတာ(Computer)ငွေ့စီးဆင်းမှုအာရုံခံကိရိယာ(Flow Sensor)၊ ဘက်ထရီ(Battery)၊ အားသွင်းစက်(Charger)၊ အားသွင်းကြိုး(Charging Cable)၊ ပစ္စည်းထည့်သည့်အိတ်(Carrying Case)၊သန့်ရှင်းရေးပြုလုပ်သည့်ပစ္စည်း(Cleaning Tool)နှင့် အခြားဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

image
image
image