❝ထိုင်းနိုင်ငံအတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား (၇၀) ဦးကို အမိမြေသို့ ပြန်လည်ပို့ဆောင်❞

ဖေဖော်ဝါရီ ၂၂

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ပြီး ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်တွင် ထိန်းသိမ်းထားသည့် လွတ်ရက်စေ့သည့် မြန်မာနိုင်ငံသား ၇၀ ဦးကို ထိုင်းအာပိုင်အဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြန်လည်ပို့ဆောင်ခဲ့သည့် မြန်မာနိုင်ငံသား ၇၀ ဦးထဲတွင် အမျိုးသား ၅၃ ဦးနှင့် အမျိုးသမီး ၁၇ ဦးပါဝင်သည်ဟု သိရပြီး ၎င်းတို့ကို ရနောင်းအကောက်ခွန် ဆိပ်ခံတံတားမှတစ်ဆင့် ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ လွှဲပြောင်းခြင်းအခမ်းအနားတွင် ရနောင်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှူး၊ ရနောင်းပြည်နယ်ရှိ မြန်မာနိုင်ငံဆိုင်ရာ လက်ထောက်အလုပ်သမားသံမှူးနှင့် အေဂျင်စီ ၉ ခုမှ နိုင်ငံခြားသားအလုပ်သမားများ ပြန်လည်လက်ခံရေးကော်မတီဝင်များတက်ရောက်၍ မျက်မြင်သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များအနေဖြင့် ယခုနှစ်အတွင်း မြန်မာနိုင်ငံသား ၃,၅၀၀ ကျော်ကို ရနောင်း–ကော့သောင်း နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးထားပြီး ဖြစ်ကြောင်း သိရပြီး တာဝန်ရှိသူများက နိုင်ငံခြားသားအလုပ်သမားများ ဥပဒေအရ နေထိုင်လုပ်ကိုင်နိုင်ရေးနှင့် စည်းကမ်းလိုက်နာရေးကို ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

image
image
image
image