မြစ်ကြီးနားလေဆိပ်ကို ဒီနေ့ကစပြီးသုံးလပိတ်ထားမယ်လို့သတင်းထွက်
ဖေဖော်ဝါရီ ၂၁
ကချင်ပြည်နယ် ၊ မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရပြီးနောက် လေဆိပ်ကို ဒီနေ့ကစပြီး သုံးလပိတ်ထားမှာ ဖြစ်တယ်လို့ လေယာဥ်လက်မှတ်အရောင်း ကိုယ်စားလှယ်တွေဆီက သိရပါတယ်။
မြစ်ကြီးနားလေဆိပ်ကို ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်ကနေ မေလ ၂၀ ရက်နေ့အထိ ပိတ်ထားမှာဖြစ်ကြောင်း ကနဦး သတင်းအချက်အလက်တွေ အရသိရပါတယ်။
" လေဆိပ် သုံးလပိတ်မယ် သိရပါတယ်။ ကြားထဲ ပြန်ဖွင့်မယ်ဆိုရင်လည်း အကြောင်းကြားမယ်လို့ ပြောပါတယ်။ လတ်တလောတော့ သုံးလပိတ်မယ်ဆိုပြီး ဖြစ်နေတာပါ ။ " လို့ လေယာဥ်လက်မှတ် အရောင်းကိုယ်စားလှယ်တယောက်က ပြောပါတယ်။
မြစ်ကြီးနား လေဆိပ်ကို ယာယီပိတ်လိုက်တဲ့အတွက် လေကြောင်းလိုင်းတွေကနေ လေယာဥ်လက်မှတ်ဖြတ်ထားသူတွေကို ငွေပြန်အမ်းမှုတွေ ပြုလုပ်ပေးမှာ ဖြစ်လို့ မိမိလက်မှတ်ဝယ်ယူထားတဲ့ ကိုယ်စားလှယ် ၊ ဒါမှမဟုတ် သက်ဆိုင်ရာလေကြောင်းလိုင်းကို ဆက်သွယ် တောင်းခံနိုင်တယ်လို့ သိရပါတယ်။
" လေဆိပ်ပိတ်လိုက်လို့ ခရီးစဥ်တွေ အကုန်ဖျက်လိုက်တော့ လက်မှတ်ဖိုးတွေ ပြန်အမ်းဖို့ လုပ်နေပါတယ်။ လေဆိပ်က ဘယ်တော့ပြန်ဖွင့်မယ်ဆိုတာတော့ သေချာ မသိဘူး ။ " လို့ လေယာဥ်လက်မှတ် ရောင်းချသူတယောက်က ပြောပါတယ်။
မနေ့က ဖေဖော်ဝါရီ ၂၀ ရက်နေ့ ၊ ည ၈ နာရီကျော်လောက်မှာ မြစ်ကြီးနားလေဆိပ်ကို ဒရုန်းဗုံးတိုက်ခိုက်ခံခဲ့ရပြီး ခရီးသည်တင်လေယာဥ်ဖြစ်တဲ့ MNA လေယာဥ်ကို လက်နက်ကျည် ထိမှန်ခဲ့တာကြောင့် လေဆိပ်ကို ယာယီပိတ်လိုက်တာလို့ သိရပါတယ် ။
အဆိုပါ တိုက်ခိုက်ခံရမှုမှာ မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ထွက်ခွာမယ့် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA)မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်ရဲ့ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်း နဲ့ နောက်မြီးပိုင်းတို့ကို ဗုံးစထိမှန်ပြီး အနည်းငယ်ပျက်စီးခဲ့တယ်လို့ အစိုးရကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ခုလို ၃လ ပိတ်မယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့ မြန်မာ့လေကြောင်းနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း မြစ်ကြီးနားလေဆိပ် နဲ့ အနီးတဝိုက်ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် လေကြောင်းခရီးစဥ်တွေ အားလုံးဖျက်သိမ်းခဲ့ရပါသေးပါတယ် ။
ဓာတ်ပုံ -သတင်းမှန်ပြန်ကြားရေး
#voiceofmyanmar #vom #ကချင်ပြည်နယ် #မြစ်ကြီးနား #လေဆိပ်တိုက်ခိုက်ခံရ #mnaလေယာဥ်ထိမှန် #လေဆိပ်ပိတ်