SKY VILLA ကွန်ဒိုပြိုကျတုန်းက ပိထားတဲ့ ကားတွေမီးလောင်
မန္တလေး၊ ဖေဖော်ဝါရီ- ၂၁
SA(VOM)
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀ ၊ ၂၂ လမ်း နဲ့ ၂၃ လမ်းကြား ရေစစ်ကန်အနီးမှာ တည်ရှိတဲ့ Sky villa ကွန်ဒိုဝန်းထဲမှာ ငလျင်တုန်းက အဆောက်အဦပျက်တွေပိထားတဲ့ ကားတွေ ဒီကနေ့ နေ့လယ် ၁ နာရီ ၅၀ မိနစ်က မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
" ကားအဟောင်းတွေ ရှင်းလင်းရေးလုပ်ရင်းနဲ့ EV ကားကနေ ရှော့ ဖြစ်ပြီး မီးထလောင်တာပါ၊ အစီးရေအများကြီးပဲ ပုံထားတာ ၃၀ ဝန်းကျင်လောက်ရှိမယ်၊ ပြားချပ်နေတာ ကားတွေ တော်တော်များတယ်" လို့ မီးလောင်ပြင်ကို သွားရောက်ကူညီပေးခဲ့တဲ့ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအသင်းကနေ သိရပါတယ်။
မီးလောင်မှုကြောင့် ဘေးပတ်ဝန်းကျင် ကူးစက်လောင်ကျွမ်းတာ မရှိပေမယ့် ငလျင်ထိထားတဲ့ ကားတွေ မီးလောင်ပျက်စီးခဲ့ပြီး အောင်မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့ က မီးငြှိမ်းသတ်ယာဥ် ၅ စီး ရေအထိုင် ကား ၂ စီးနဲ့ ငြှိမ်းသတ်ခဲ့ကာ ၂ နာရီ မိနစ် ၂၀ ဝန်းကျင်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
#voiceofmyanmar #vom #mandalay #skyvilla #ကားမီးလောင် #ငလျင်