ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဥက္ကဋ္ဌနေရာကနေ ဒေါ်သက်သက်ခိုင်ဖယ်ပေး
ဖေဖော်ဝါရီ ၂၁
SS (VOM)
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ဥက္ကဋ္ဌနေရာကို ဒေါ်သက်သက်ခိုင်အစား လက်ရှိမှာ ဦးစောဟန်အေးက ပြောင်းလဲ တာဝန်ယူထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ပြုလုပ်တဲ့ ပါတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ပြောင်းလဲလိုက်တာ ဖြစ်တယ်လို့ သိရပြီး ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက ဥက္ကဋ္ဌဖြစ်လာကာ ဒေါ်သက်သက်ခိုင်ကတော့ ဂုဏ်ထူးဆောင်နာယက တာဝန်အပြင် HR မှာလည်း ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။
“ပါတီလုပ်ငန်းစဉ်အရ တာဝန် လွှဲပြောင်းယူလိုက်တာပါပဲ။ လက်ရှိမှာ ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (CEC) တွေလည်း ပြန်လည်အားဖြည့်ပြီး UEC ကို ပြန်တင်ထားပါတယ်” လို့ ပါတီဥက္ကဋ္ဌ ဦးစောဟန်အေးက ပြောပါတယ်။
လက်ရှိမှာ ပါတီရဲ့ ရှေ့ဆက် လုပ်ငန်းစဉ်အနေနဲ့ လွှတ်တော်တက်ကြမယ့် အချိုးကျကိုယ်စားပြုစနစ် (PR) နဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ ကိုယ်စားလှယ် အယောက် ၂၀ ကို သင်တန်းပေးနေတယ်လို့ ဦးစောဟန်အေးက ပြောပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့သူ ဒေါ်သက်သက်ခိုင်ဟာ ပါတီဥက္ကဋ္ဌတာဝန် ယူထားစဉ် ကာလအတွင်း ၂၀၂၅ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ရွေးကောက်ပွဲ မဲဆန္ဒနယ် အမှတ် (၂) ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ဖို့ စီစဥ်ခဲ့ပေမယ့် ဘဏ်ချေးငွေကြောင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်မှာ ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ရုတ်သိမ်းခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါအပြင် နိုင်ငံတကာ သံရုံးတရုံးမှ ပုဂ္ဂိုလ်တချို့နဲ့ ခွင့်ပြုချက်တင်ခြင်းမရှိဘဲ လျှို့ဝှက် တွေ့ဆုံခဲ့တဲ့အတွက် ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို အရေးယူသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်သက်သက်ခိုင်ဟာ ၂၀၁၄ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပါတီဝင်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲကို ဒဂုံမြိုနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူဖြစ်ကာ NLD ပါတီကနေ ထုတ်ပယ်ခံရတဲ့ ၂၀၁၉ ခုနှစ်မှာပဲ ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဒေါ်သက်သက်ခိုင်ဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
Photo - PPP
#voiceofmyanmar #vom #ပြည်သူ့ရှေ့ဆောင်ပါတီ #ဥက္ကဋ္ဌ