စပါးစ်တန်းမဆင်းရလို့ ကျူဒို ရာနှုန်းပြည့် ယုံကြည်နေ
ဖေဖော်ဝါရီ ၂၁
စပါးစ်နည်းပြသစ်အိုင်ဂေါ်ကျူဒိုက စပါးစ်အသင်းမှာ ပရီးမီးယားလိဂ်မှ တန်းမဆင်းရလို့ ၁၀၀ ရာခိုင်နှုန်းယုံကြည်ကြောင်း ပြောကြားလာပါတယ်။
စပါးစ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၆ နေရာတွင် ရပ်တည်နေပြီး ရာသီသိမ်းရန် ၁၂ ပွဲအလိုတွင် တန်းဆင်းဇုန်နှင့် ၃ မှတ်တည်းသာ ကွာဟနေပါတယ်။
စပါးစ်ဟာ အသင်းကို ၈ လကြာ ကိုင်တွယ်လာခဲ့တဲ့ သောမတ်စ်ဖရန့်ကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့တုန်းက ထုတ်ပယ်လိုက်ပြီးနောက် မာဆေး၊ လာဇီယိုနှင့် ဂျူဗင်တပ်နည်းပြဟောင်းကျူဒိုနှင့် အစားထိုးခန့်အပ်ခဲ့ပါတယ်။
အသက် ၄၇ နှစ်ရှိ အိုင်ဂေါ်ကျူဒိုက "ဒီမှာ ပျော်ဖို့ ရောက်လာတာ မဟုတ်ပါဘူး။ အလုပ်လုပ်ဖို့ ရောက်လာတာပါ။ ပထမအခိုက်အတန့်မှာ ပျော်တယ်။ နောက်တော့ လုပ်စရာ ရှိတာ လုပ်တယ်။ ဒီကလပ်က အရမ်းကောင်းတဲ့ကလပ်ပါ။ မှန်ကန်တဲ့အရာတွေ လုပ်ဖို့ အရမ်းအာရုံစိုက်ထားပါတယ်။ စနစ်နဲ့ပတ်သက်ပြီးတော့ မဟုတ်ပါဘူး။ အသင်းတစ်သင်းဖြစ်ဖို့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန်ကြည့်တဲ့ အုပ်စုဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါက ကျုပ်အတွက် အခြေခံအကျဆုံးပါ။ အရည်အချင်း ထွက်ပေါ်လာရင် ကျုပ်အတွက်တော့ ဒီအသင်းက ပြေးနိုင်တဲ့ အလားအလာရှိတဲ့အသင်း ဖြစ်လာပါမယ်"လို့ ပြောကြားသွားပါတယ်။
စပါးစ်ဟာ ချန်ပီယံလိဂ်တွင် အဆင့် ၄ နေရာတွင် ရပ်တည်ကာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်တွင် ရုန်းကန်နေခဲ့ရတာပါ။
စပါးစ်ဟာ နိုဝင်ဘာလနောက်ပိုင်းတွင် ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရထားပါတယ်။ ဒါ့အပြင် ၎င်းတို့ဟာ ၂၀၂၆ ခုနှစ်တွင် ၂၄ မှတ်အတွက် ကစားခဲ့ရာမှာ ၄ မှတ်တည်းသာ ရယူထားနိုင်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၁၇ နေရာမှာ ရပ်တည်ခဲ့တဲ့ စပါးစ်ဟာ ၁၉၇၇-၇၈ ရာသီနောက်ပိုင်း အင်္ဂလိပ်အဆင့်မြင့်တန်းလိဂ်တွင် တောက်လျှောက်ကစားလာခဲ့တဲ့အသင်းလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်တွင် ဆက်လက် ရှင်သန်နိုင်မလားလို့ မေးမြန်းလာချိန်တွင် ကျူဒိုက "၁၀၀ ရာခိုင်နှုန်း"လို့ တုံ့ပြန်ခဲ့ပါတယ်။
ကျူဒိုဟာ ပထမဆုံး စပါးစ်ပွဲအဖြစ် တနင်္ဂနွေနေ့တွင် ခါးသီးတဲ့ ပြိုင်ဘက်ဖြစ်သလို အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်နှင့် ရင်ဆိုင်ကစားရပါမယ်။
တဖက်တွင် စပါးစ်ဟာ ဒဏ်ရာရ ကစားသမား ၁၀ ဦးထိ ကြုံနေရပြီး ကစားသမား ၁၃ ဦးတည်းဖြင့် လေ့ကျင့်ခန်းဆင်းနေရပါတယ်။