လွမ်းသမျှသည် ကမ္ဘာကုန်ကျယ်ရန် မဟုတ် ။
အတိတ်ကို တမ်းတနေပြီး
ကမ္ဘာကုန်ကျယ်နေရန်လည်း မဟုတ် ။
အကောင်းသို့ ပြောင်းလဲခြင်းတို့သည်သာ
ကမ္ဘာကုန်ကျယ်သရွေ့ ရှိထိုက်သည် ၊ ရှိရမယ် ။
ကမ္ဘာကုန်ကျယ်သရွေ့………
အကောင်းတွက် ပြောင်းလဲခြင်းသည်သာ
လူသားအတွက် မျှော်လင့်ခြင်း ဖြစ်ပေသည်း ။
ကမ္ဘာကုန်ကျယ်သရွေ့
ပျော်ဓလေ့မှန်မှန် ၊ မျှော်လင့်ချက်ပြည့်ဝမှု အတန်တန်နဲ့
မဖောက်မပြန်ဧကန်ရှိလိမ့်မယ်လို့
ယုံစားထင်မှတ်မှားခဲ့ဖူးတယ် ။
ဒါပေမဲ့
ဘဝခရီးစဉ်ဟာ
အလင်းရောင်အား လှိုင်းလမ်းကြောင်းပမာမဟုတ်ဘဲ
နွေဦး လေရူးရှေ့က
ရော်ရွက်ဝါလွင့်ပါးရသလိုမျိုးပါကလား မမနွယ်ရယ် ။
မောင် နဲ့ မမနွယ်ဟာ နာမ်မဲ့တဲ့ ရော်ရွက်ဝါတွေမဟုတ်ဘဲ
သိတတ် ခံစားတတ် ရယ်တတ် ငိုတတ် ကြတဲ့လူသားတွေဖြစ်နေကြလို့ ခက်လှချည်ပါကလား ။
သိတတ် ခံစားတတ်တဲ့ လူသားပီပီ
ရယ်ဖွယ် တစ်ခန်းရပ်ပြီမို့
ငိုတတ်သမျှ ငိုကြစတမ်း ဆိုပြန်တော့လည်း
လူ့ဘဝရဲ့ အနက်အဓိပ္ပါယ်ဟာ
ဘယ်လိုများရှိထင်တော့မလဲ မမနွယ်ရယ် ။
#တက္ကသိုလ်ဘုန်းနိုင်
#ကမ္ဘာကုန်ကျယ်သရွေ့