ဖမ်းဆီးထားတဲ့ မန်စယ်ရွာသားတွေ ကိုးကန့်တပ်ဖွဲ့ ပြန်လွှတ်
ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မန်စယ်ကျေးရွာအနီးမှာ ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ရဲ့ ရွှေတူးဖော်ရေးလုပ်ငန်းကို ကန့်ကွက် လို့ အဖမ်းခံခဲ့ရတဲ့ မန်စယ်ရွာသား ကိုးယောက်ကို ကိုးကန့်တပ်ဖွဲ့က မနေ့က ပြန်လွှတ် ပေး လိုက်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေဆီကနေ သိရပါ တယ်။
“ကိုးရက်နေ့က လေးယောက် လွှတ်ပေးတယ်။ မနေ့က ကျန်တဲ့သူတွေကို ပြန်လွှတ်လိုက်ပြီလို့” မိသားစုဝင်နဲ့ နီးစပ်တဲ့သူ တယောက်က ပြောပါ တယ်။
လွတ်မြောက်လာတဲ့ ကျေးရွာသားတွေကို ကျေးရွာအခြေစိုက် ကိုးကန့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ခေါ်ယူမေးမြန်းတာတွေ လုပ်ခဲ့ပြီးမှ နေအိမ်ကို ပြန်ပို့ပေး လိုက်တာလို့ ဒေသခံတွေဆီကနေသိရပါတယ်။
ကျေးရွာအနီး ရွှေတူးနေလို့ လယ်မြေတွေ ပျက်စီးနိုင်တဲ့အတွက် ကျေးရွာသား တစ်ရာကျော်က ကိုးကန့်တပ်ဖွဲ့ တာဝန်ရှိသူတွေကို ကန့်ကွက်ခဲ့တာမှာ ရွာ သား ၃၆ ယောက် ဖမ်းဆီးခံခဲ့ရတာပါ။
အဲဒီထဲက ကိုးယောက်ကို ဆက်ဖမ်းထားတာလို့ ပြန်လွှတ်ပေးဖို့ ရှမ်းကျောင်း သားသမဂ္ဂအပါအဝင် အရပ် ဖက် ၁၁ ဖွဲ့နဲ့ ဒေသခံတွေက တောင်းဆိုခဲ့ကြ ပါတယ်။
ရွာသားတွေ ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ကိုးကန့်တပ်နဲ့ မဟာမိတ်ဖြစ် တဲ့ ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP အနေနဲ့ ကြားဝင်ဖြေရှင်းပေးဖို့ကိုလည်း တောင်းဆိုခဲ့ကြတာပါ။
အခုလ ၁၃ ရက်နေ့မှာ တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အနေနဲ့ ရှမ်းလက် နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ကိုးကန့်တပ် တာဝန်ရှိသူတွေ SSPP ဌာနချုပ်ဖြစ်တဲ့ ဝမ်ဟိုင်းမှာ တွေ့ဆုံခဲ့ကြပါတယ်။
ဒေသတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့ ဘက်က အခုလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီလို တွေ့ဆုံမှုအပြီးမှာ မန်စယ်ရွာသားတွေ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
ပုံစာ ကိုးကန့်တပ်ဖွဲ့နှင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ တို့ အခုလ ၁၃ ရက်နေ့ကတွေ့ဆုံကြစဉ် - ပုံ the kokang